NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ စာရင်းကို ပြင်ဆင် တာ၀န်ပေးအပ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ယင်းအဖွဲ့က ထုတ်ပြန်သည်။
.
အဆိုပါ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ စာရင်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်က တာဝန် ပေးအပ်ထားသည့် ခွန်မြင့်ထွန်း အစား နိုင်အောင်မငေး ကို ပြင်ဆင် တာဝန်ပေးထားပြီး ရဲဘော် မျိုးဝင်း ကိုမူ မူလအတိုင်း ဆက်လက် တာဝန်ပေးအပ်ထားသည်ကို တွေ့ရသော်လည်း ပြင်ဆင်တာဝန် ပေးအပ်ရသည့် အကြောင်းရင်းကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိပေ။
.
ခွန်မြင့်ထွန်း သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒုဥက္ကဌ ဖြစ်သည့် အပြင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၏ ဥက္ကဌ ဖြစ်ကာ နိုင်အောင်မငေး မှာမူ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်သည်။