မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ရန်ကင်းကျေးရွာ အနီး၌ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းတွင် PNLO/PNLA နှင့် RCSS/SSA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
အဆိုပါ တိုက်ပွဲ ဖြစ်ပွားသည့် အခြေအနေကို PNLO ဘက်က အတည်ပြုထားပြီး တိုက်ပွဲ ဖြစ်ရသည့် အကြောင်းအရင်းနှင့် နှစ်ဘက်ထိခိုက် ဒဏ်ရာ ရရှိမှု အခြေအနေကိုမူ မသိရသေးပေ။
.
" တိုက်ပွဲဖြစ်တာ ဟုတ်တယ်၊ ၁၁ နာရီခွဲ အချိန်ကပေါ့။ ဘာကြောင့် ဖြစ်တယ်ဆိုတာ အသေးစိတ် မသိရသေးဘူး။" ဟု PNLO တွဲဖက်အတွင်းရေးမှူး ခွန်ထွန်းတင်က ခမ်းသားငေါဝ်း သို့ ပြောဆိုထားသည်။
.
ကဒူးကြီးဒေသသည် PNLO/PNLA ထိန်းချုပ်နယ်မြေ ဖြစ်ကာ PNLO/PNLA နှင့် RCSS/SSA နှစ်ဖွဲ့လုံးသည် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဖြစ်သည်။