ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ ဆေးတပ်သား ၈၅ ဦးသည် Dove KK ဆေးအထောက်အကူပြုအဖွဲ့ က ဖွင့်လှစ် သင်ကြားပေးသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့် ဆေးတပ်သား အထူးမွမ်းမံသင်တန်း ဆင်းခဲ့သည်ဟု Dove KK က ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။
.
KNDF လက်အောက်ရှိ တပ်ရင်း ၇ ရင်း၊ ဒီးမော့ဆို PDF လက်အောက်ရှိ တပ်ရင်း ၉ ရင်းနှင့် ဖယ်ခုံ PDF ခွဲ(၁) နယ်ခြားစောင့်တပ်၊ ဖယ်ခုံ ဆေးအဖွဲ့၊ JPDF ၊ GZ-21 Loikaw၊ NTDF ၊ ဒီးမော့ဆို medic unit ၊ Volunteers Army ၊ Inly PDF ၊ SSRY စသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ဆေးတပ်သား ၈၅ ဦးကို Dove KK က လေ့ကျင့် သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အရေးပေါ် ကယ်ဆယ်ရေးနှင့် ဆေးတပ်သား အထူးမွမ်းမံသင်တန်း၏ ရည်ရွယ်ချက်မှာရှေ့တန်း တစ်နေရာတွင် သွေးလွန်၍ အထိအခိုက်ကျဆုံးမှုများ မဖြစ်ရလေအောင် အရေးပေါ်ကယ်ဆယ်မှုများ လုပ်နိုင်ရန် ရှေ့တန်းအထူးဆေးတပ်သားများအဖြစ် မွေးထုတ်ရချင်း ဖြစ်သည်ဟု Dove KK က ထုတ်ပြန်သည်။
.
အဆိုပါ သင်တန်းဆင်းပွဲသို့ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက သင်တန်းဆင်း မိန့်ခွန်းပေးပို့ခဲ့ကြောင်းနှင့် သင်တန်းသားများသည် ရှေ့တန်းသို့ ဆေးတပ်သားများအဖြစ် လိုက်ပါရန် အဆင်သင့် ဖြစ်နေကြပြီဟုလည်း Dove KK ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။