မိုးဗြဲနှင့် လွိုင်ကော်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေကို လွိုင်ကော် PDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲနှင့် လွိုင်ကော်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေကို လွိုင်ကော် PDF ထုတ်ပြန်


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်‌မြို့နယ် တို့၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေများအား လွိုင်ကော် PDF က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင်ထုတ်ပြန်သည်။

.

မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ရွာ နှင့် ဝီသဲခူးရွာ တစ်ဝိုက်တွင် စစ်ကြောင်း ထိုးဝင်လာသော စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အပြင် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးလမ်းခွဲအနီးရှိ တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြောက်ကျား စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဝါရီဆူးပလိုင်ရွာ နှင့် ဝီသဲခူးရွာ တစ်ဝိုက်တွင် လွိုင်ကော် PDF အပါအဝင် KA ၊ KNDF ၊ ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ JPDF စသည့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးပျက်စီးမှု များစွာ ရှိခဲ့သည်ကို မျက်မြင် အတည်ပြုနိုင်ခဲ့ပြီး အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

.

ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တစ်နေကုန် အဆက်မပြတ် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ် ၃ စီးဖြင့် ဖျက်အားပြင်း ဗုံးများ ကျဲချခြင်း တို့ကို အကြိမ်ပေါင်း များစွာ ပြုလုပ်ပြီး တိုက်ခိုက်ခဲ့သည့်အပြင် ဝါရီဆူးပလိုင်ရွာ နှင့် ဝီသဲခူးရွာ အနီးတစ်ဝိုက်ရှိ နေအိမ်များ၊ ပြည်သူပိုင်ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

.

ထို့အတူ လွိုင်ကော်မြို့နယ် လင်ဖုံလေးလမ်းခွဲအနီးရှိ တောင်ကုန်းတွင် တပ်စွဲကာ မြို့အဝင် အထွက်လမ်းကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်အား လွိုင်ကော် PDF မှ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ ထိခိုက်၍ ခန္ဓာကိုယ်အား ပြန်ဆွဲထုတ်သွားသည်ကို မြင်တွေ့ရသည်ဟု ထုတ်ပြန်ထားသည်။

.

အဆိုပါ တိုက်ပွဲများအတွင်း လွိုင်ကော် PDF မှ ကျဆုံးမှု မရှိသော်လည်း မဟာမိတ် တပ်ဖွဲ့များမှ ဒဏ်ရာ ရရှိမှု အနည်းငယ် ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats