e-ဈေးတန်းလေး [ဆောင်းပါး] - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

e-ဈေးတန်းလေး [ဆောင်းပါး]

“ဈေး” ဟူသော စကားလုံးကို ၁၉၇၉ ခုနှစ်ထုတ် မြန်မာစာအဘိဓာန် အကျဉ်းချုပ် အတွဲ ၂၊ ဆ-န ၌ “လူအများ စုဝေး၍ ကုန်ပစ္စည်းများကို ရောင်းဝယ်ရာနေရာ” ဟု အဓိပ္ပယ် ဖွင့်ဆို ထားသည်။
တစ်ဖန် “ဈေးတန်း” ကို “ရှည်လျားစွာတည်ရှိသော ဈေးဆိုင်များ” ဟု ယင်းအဘိဓါန်၌ပင် ဖွင့်ဆိုထား သည်။

.

ယင်းဈေးတန်းကိုပင် နေရာအခြေအနေပေါ် မူတည်၍ အမျိုးမျိုး တွဲဘက်ကာ အမည်နာမ အသစ်များကို ကင်ပွန်းတပ် အသုံးပြုကြပြန်သည်။ ဥပမာ ဘုရားပွဲတွင် ရောင်းသောဈေးတန်းကို ပွဲဈေးတန်း၊ ညပိုင်းတွင် ရောင်းချသော ဈေးတန်း ကို ညဈေးတန်း ဟူ၍ ခေါ်ဝေါ်ကြသည်။

.

ယနေ့ ၂၁ ရာစု အိုင်တီခေတ်တွင် အရာရာသည် အွန်လိုင်း အီလက်ထရောနစ်စနစ် စနစ်ဆီသို့ ကူးပြောင်းနေကြသည် ဖြစ်ရာ အတော်အတန် ခရီးရောက်နှင့်နေသည့် ဖွံ့ဖြိုးပြီး နိုင်ငံများရှိသလို ခြေလှမ်းဟန်ပြင် စ လုံးရေ စ ကြမည့် ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း အများအပြားရှိနေဆဲဖြစ်သည်။ ၂၁ ရာစု အစိုးရများ၏ ရည်မှန်းချက် တစ်နည်းအားဖြင့် လူထုကို ဆွဲဆောင်ရာ နည်းလမ်းတစ်ရပ်မှာ “e-Government” ဖြစ်သည်။


မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓါတ်အား၊ အင်တာနက်စနစ်၊ ကွန်ပျူတာ စသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်များစွာ ရှိနေသေးသည်။ အထူးသဖြင့် လက်ရှိ အာဏာသိမ်းကာလ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေများတွင် ပို၍ မဖြစ်နိုင်သေးသော်လည်း လူထုအကြားတွင်မူ အီလက်ထရောနစ်၊ အင်တာနက် စနစ်ကို အသုံးပြု၍ ရောင်းဝယ်ဖောက်ကားမှု၊ အီလက်ထရောနစ် ဈေးတန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေကြပြီ ဖြစ်သည်။

.

၂၀၁၂ ခုနှစ် နောက်ပိုင်းကာလမှ စတင်၍ ဖြေလျှော့မှုများနှင့်အတူ မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာနိုင်ခဲ့သည်။ Facebook ခေါ် ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် သာရေး၊ နာရေး၊ လူမှုရေး၊ စီးပွားရေး အထွေထွေ ဝက်ခြံပေါက်သည်မှအစ အကြီးစား ခွဲစိပ်ကုသမှုများအဆုံး မေးမြန်းဆွေးနွေး တိုင်ပင် တတ်လာကြသည်။ Facebook သုံးခြင်းက ကောင်းသည်၊ ဆိုးသည်ကို မဆိုလိုပါ။ မည်သည့်အရာမဆို သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်တတ်ရာ မိမိကိုယ်တိုင်က အသိ၊ သတိဖြင့် ကောင်းကျိုးအတွက် အသုံးပြုနိုင်ရန် လိုအပ်ပါသည်။

မြန်မာအာဏာသိမ်း စစ်ကောင်စီကတော့ Facebook ကို အတော်မျက်စေ့စူးသည်ထင့်။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် Facebook ကို Ban ထားခဲ့ပြီး ယခုအခါ အတည်ပြု ပြဌာန်းရခြင်းမရှိသေးသည့် ဥပဒေမူကြမ်းဖြင့်ပင် ပြည်သူများကို နှိပ်ကွပ်မှုများ ပြုနေသည်။

Facebook ကို နည်းလမ်းပေါင်းစုံ အသုံးပြုကြရင်းဖြင့် ယခုနှစ်ပိုင်းအတွင်းမှာပင် Online Shopping ခေါ် Facebook မှတစ်ဆင့် ဈေးရောင်းချမှုများလည်း တွင်ကျယ်လာခဲ့သည်။ အွန်လိုင်းရှော့ပင်း သက်သက် လုပ်ကိုင်ကြသူ များရှိသလို အရောင်းဆိုင်ဖွင့်ရင်း တစ်ဘက်တစ်လမ်းမှ အွန်လိုင်း ရှော့ပင်းဖြင့် ဈေးရောင်းချသူများလည်း ရှိကြသည်။ စိန်၊ ရွှေ၊ လက်ဝတ်ရတနာ ရောင်းချသူများရှိသလို ၅၀၀/၁၀၀၀ ကျပ်တန်မှအစ စားသောက်ကုန်၊ လူသုံးကုန် အထွေထွေ ရောင်းချသူများလည်း ရှိကြသည်။ အများစုမှာ ဝန်ထမ်းများ၊ အခြားလုပ်ငန်း လုပ်ကိုင်သူများက မိသားစုအပို ဝင်ငွေရရှိရန် တစ်ပိုင်တစ်နိုင် လုပ်ကိုင် ရောင်းချကြခြင်းဖြစ်သည်။

.

“မိသားစု အပိုဝင်ငွေလေးရမလားလို့ လုပ်ကြည့်နေတာပါ။ အမြတ်ရယ်လို့လည်း သိပ်များများစားစားတော့ မရှိပါဘူး။ အခက်အခဲကတော့ ကိုယ့်အနေနဲ့က အရင်းအနှီးလည်း များများစားစား မထည့်ထားနိုင်ဘူး။ တစ်ခါယူရင်မှ ၅ သောင်း ဖိုး၊ အများဆုံး တစ်သိန်းဖိုးလောက်ယူပြီး ပြန်ရောင်းပေါ့။ တချို့တွေက ယူမလိုလိုနဲ့ အများကြီးမှာထားတော့ ကိုယ်က တစ်ဘက်မှာ ယူထားလိုက်တယ်။ ပြီးမှ မှာထားတဲ့သူက မယူဖြစ်တော့ လက်ထဲမှာ ပစ္စည်းတွေကကျန်၊ ငွေက ပြန် မပေါ်တာမျိုးလည်း ရှိပါတယ်။ နယ်ဝေးတွေဘာတွေဆိုရင်တော့ မသိတဲ့သူဆိုရင် ပို့မပေးရဲဘူး။ အလိမ်အညာတွေ တွေ့မှာလည်း စိုးရတယ်” ဟု အွန်လိုင်းရှော့ပင်း လုပ်ကိုင်နေသူ ဝန်ထမ်းတစ်ဦးက ပြောသည်။


“e-ဈေးတန်း” ခေါ် အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချခြင်းသည် ဆိုင်ခန်းခ ကုန်ကျစရိတ် မရှိခြင်း၊ အခွန်အခများ သက်သာခြင်း၊ အချိန်ပြည့် လုပ်ရန်မလိုအပ်သဖြင့် အခြားလုပ်ငန်းများနှင့် တွဲဘက်၍ လုပ်ကိုင်နိုင်ခြင်း စသည့် အားသာချက်များ ရှိနေသလို အခြားတစ်ဘက်တွင်လည်း အွန်လိုင်းမှတစ်ဆင့် ငွေကြေး လိမ်လည်မှုများလည်း ရှိနေ ပြန်သည်။

.

တစ်လောဆီက ရန်ကုန်မှ မိတ်ဆွေတစ်ဦး၏ သမီးက တောင်ကြီးတွင် လက်ဘက်ခြောက်နှင့် စားသောက် ကုန်၊ ဆေးဝါး ၇ သိန်းဖိုးခန့်မှာယူခဲ့ရာ ငွေကြိုလွှဲခိုင်းသည့်အတွက် အဆိုပါဆိုင် တောင်ကြီးတွင် အမှန်တကယ် ရှိ/မရှိ ကျွန်တော့်ထံ မေးမြန်းရာ ယင်းဆိုင်မှာ တောင်ကြီးတွင် မရှိကြောင်းနှင့် အကယ်၍ ငွေထပ်မံလွှဲခိုင်းပါက ကျွန်တော် ကိုယ်တိုင် ပစ္စည်းသွားယူပေး၍ ငွေချေပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရဖူးသည်။ အလားတူ မိုဘိုင်းလ်ဖုန်း တစ်ပတ်ရစ် အရောင်းအဝယ် Group များတွင်လည်း တောင်ကြီးလိပ်စာအတုဖြင့် လိမ်လည်နေသည့် လူလိမ်များကို တွေ့နေရသည်။

.

တစ်ပိုင်တစ်နိုင် အွန်လိုင်းရှော့ လုပ်ကိုင်နေသူများအဖို့ ယင်းကဲ့သို့ မသမာသူများ၏ အန္တရာယ်ကို သတိထားနေရ သလို အခြားတစ်ဘက်တွင်လည်း စကစ၏ ဖိနှိပ်မှုများကြောင့် ရပ်တည်ရန် ပိုမိုခက်ခဲလာကြသည်။ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းလ်ဒေတာ နှုန်းထားများကို အဆမတန် မြှင့်တင်ကောက်ခံမှုကြောင့် ဖိုင်ဘာအင်တာနက်၊ ဝိုင်ဖိုင် မတတ်ဆင်နိုင်သူများအဖို့ အွန်လိုင်းပေါ်တွင် အချိန်ပြည့် အရောင်းအဝယ်လုပ်ရန် ခက်ခဲလာကြသည်။

အခြားတစ်ဘက်တွင် အတည်ပြုပြဌာန်းရခြင်း မရှိသေးသည့် ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့် ပြည်သူများကို ဖိနှိပ်မှုများကြောင့် အွန်လိုင်းရှော့ပင်း လုပ်ကိုင်သူများအတွက် စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေကြသည်။

“ကျွန်မက ၂၀၁၉-၂၀၂၀ ခုနှစ်လောက်မှာမှ ဒီအလုပ်ကို စ လုပ်ဖြစ်တာပါ။ အခုက ဘယ်လိုတွေ ဖြစ်လာမယ်မသိဘူး။ Facebook ကို သုံးလို့မရအောင် လုပ်ထားတယ်။ VPN ခံပြီးသုံးတော့လည်း စစ်တယ်၊ ဖုန်းသိမ်းတယ်၊ ဖမ်းတယ် ဆိုတာတွေက ကြားနေရပြန်တယ်။ ပြောရရင်တော့ စကစ က ပြည်သူတွေကို ဒုက္ခတွင်းထဲ ရောက်သည်ထက် ‌ရောက်အောင် နည်းမျိုးစုံနဲ့ လုပ်နေတာပါပဲ” ဟု အွန်လိုင်းရှော့ပင်းလုပ်ကိုင်သူ တစ်ဦးကလည်း ၎င်း၏ အခက်အခဲ ကို ပြောဆိုခဲ့သည်။

.

“လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင် ဆိုသလိုပဲ၊ မိတ္တူဆိုင်လေး ဖွင့်ထားတော့ မီးကအမြဲတမ်းပြတ်နေ တယ်။ မီးစက်နဲ့ လုပ်ရအောင်ကလည်း ဒီလောက်တက်နေတဲ့ ဓါတ်ဆီဈေးနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ တစ်ဘက်မှာ အွန်လိုင်းရှော့ပင်းလုပ်တယ်။ မိုဘိုင်းလ်ဒေတာဈေးတွေကတက်၊ အခု ဖိုင်ဘာတွေပါ ထပ်ပြီးဈေးတက်ဆိုတော့ တောင်းစားဖို့ပဲ ကျန်တော့တယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါဆိုးလှိုင်းဒဏ် ရိုက်ခတ်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု စသည့်အခြေအနေများ ကြောင့် ပြည်သူအများအပြား အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ ဆုံးရှုံးခဲ့ရချိန်တွင် ကုန်ဈေးနှုန်းကလည်း နေ့စဉ် နှင့်အမျှ တစ်ရိပ်ရိပ် တက်လာခဲ့သည်။ ယင်းအခြေအနေကို အံတုနိုင်ရန် ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဝမ်းရေး အတွက် ကြိုးပမ်း ဖြေရှင်းနေကြရာ အွန်လိုင်းရှော့ပင် လုပ်ငန်းမှာ အသက်ရှူပေါက် တစ်ခုဖြစ်လာသည်။ ယနေ့ခေတ်တွင် လူတိုင်းလိုလို အွန်လိုင်းဈေးသည်ဖြစ်လာကြသည်။

.

အွန်လိုင်းရှော့ပင်းဖြင့် အဆင်ပြေကြသူများရှိသလို အဆင်မပြေဘဲ လုံးခြာလည်လိုက်နေသူများကတော့ အများအပြား ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၂၁ ရာစု ယနေ့လူသားများ၏ နေ့စဉ် လူနေမှုဘဝတွင် အွန်လိုင်းရှော့ပင် ခေါ် အီလက် ထရောနစ်ဈေးတန်းက အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်တွင် ရှိနေပြီဖြစ်သည်။

.

အွန်လိုင်းဈေးသည်များ၏ သုခ၊ ဒုက္ခများကလည်း ရေးစရာ ကုန်မည်မထင်ပါ။ မည်သို့ပင်ဆိုစေ ၂၁ ရာစု လူသားတို့၏ “e-ဈေးတန်း” လေး သာယာ ဖွံ့ဖြိုးပြီး ပြည်သူအများ အသက်ရှူ ချောင်လာနိုင်မည်ဆိုလျှင်ဖြင့်။ ။

Journal Download

Photo of three cats