တောင်ကြီးမြို့၌ ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်နေသော်လည်း ငါးပစ် လောင်းကစား ဂိမ်းဆိုင်များကို စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာများက ဆက်လက် ဖွင့်ထားခွင့် ပြုထားဆဲ ဖြစ်သည်ဟု သိရသည်။
အမှတ်(၂၁၂) ဆက်သွယ်ရေးတပ် အနီး၌ ဖွင့်လှစ်ထားသည့် လောင်းကစား ဂိမ်းဆိုင် |
" ဂိမ်းဆိုင်ကြောင့် ဒုက္ခရောက်နေလို့ပါ။ အိမ်ကအမျိုးသား ဂိမ်း တအားစွဲနေပြီ။ သူကိုယ်တိုင်လည်း ရောဂါပိုး တွေ့ထားတယ်။ ဒါလည်း သွားတယ်။" ဟု တောင်ကြီးမြို့ခံ အမျိုးသမီး တစ်ဦးက အမှတ်(၂၁၂) ဆက်သွယ်ရေးတပ် အနီး၌ ဖွင့်လှစ်ထားသည့် လောင်းကစား ဂိမ်းဆိုင် ဓါတ်ပုံအား ပြသ၍ ပြောသည်။
.
တောင်ကြီးမြို့နယ်အတွင်း၌ ယခု ရက်သတ္တပတ်အတွင်း COVID-19 ကူးစက်ခံထားရသူ ၄၆၀ ဦးကျော် တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြေ တည်နေရာအရ ဧရိယာ ကျဉ်းသည့်ဟု ဆိုနိုင်သော တောင်ကြီးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ပေါ်ပေါ်တင်တင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ဂိမ်းဆိုင် အရေအတွက်မှာ အနည်းဆုံး ၁၅ ဆိုင်ခန့် ရှိကြောင်း သိရသည်။
.
" ဂိမ်းဆိုင် တစ်ဆိုင်ကို တစ်လ သိန်း ၃၀ ကနေ သိန်း ၅၀ ကြား သက်ဆိုင်သူတွေကို ပေးပြီး ဖွင့်နေကြတာ။ ဂိမ်းဆိုင် ပိုင်ရှင်တွေကလည်း တရုတ် လူမျိုးတွေ။ သက်ဆိုင်ရာ လူကြီးမင်းများကလည်း ငွေမျက်နှာ တစ်ခုပဲ ကြည့်ပါတယ်။" ဟု မြို့ခံ တစ်ဦးက ပြောသည်။
.
ဂိမ်းဆိုင်များထံမှ လိုင်းကြေးငွေ စုဆောင်း၍ စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာများသို့ ပေးအပ်နေသူ ထံမှ ပေါက်ကြားလာသည့် ဂိမ်းဆိုင်တည်နေရာ စာရင်းတွင် ဆိုင်စုစုပေါင်း ၁၀ ဆိုင် တိတိ ရှိသည်ကို တွေ့ရသည်။
ဂိမ်းဆိုင် တည်နေရာများ |
" ဂိမ်း ဆိုင်တွေကြောင့် အောက်ခြေ အလွှာ ပေါင်းစုံက ပြည်သူတွေကတော့ ဘဝပျက်သူတွေ၊ ဘဝပျက်တော့မယ့် သူတွေ၊ အကျင့်စာရိတ္တ ပျက်သူတွေ အတော် များနေပြီ။ လောင်းကစား ဂိမ်းဆိုတာကလည်း မျော်လင့်ချက်လေး အရင်ပေးပြီး နောက်မှ ကိုယ့် ရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေ၊ အိမ်ခြံမြေတွေကို သိမ်းယူသွားတာပါ။ ဘယ်ဂိမ်းဆိုင်မှ လိုင်းကြေးဆိုတာမပေးဘဲ မလုပ်စားရဲဘူး။ " ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
.
တောင်ကြီးမြို့နယ် အပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် အများစုတွင်လည်း ငါးပစ် လောင်းကစား ဂိမ်းဆိုင် အပါအဝင် ဂျင်ဝိုင်း၊ ဂုန်းဂင်းဝိုင်း ကဲ့သို့သော လောင်းကစားဝိုင်းများကို ဆက်ကြေး (လိုင်းကြေး)ငွေ ရယူ၍ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။
ဂျင်ဝိုင်း၊ ဂုန်းဂင်းဝိုင်း ကဲ့သို့သော လောင်းကစားဝိုင်းများ |