တောင်ကြီး၌ အလုံပိတ် လောင်းကစား ဂိမ်းဆိုင်များ ဖွင့်ထားသဖြင့် COVID-19 ကူးစက်ပျံ့နှံ့မည်ကို ဒေသခံများ စိုးရိမ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ အလုံပိတ် လောင်းကစား ဂိမ်းဆိုင်များ ဖွင့်ထားသဖြင့် COVID-19 ကူးစက်ပျံ့နှံ့မည်ကို ဒေသခံများ စိုးရိမ်နေ

တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း၌ အလုံပိတ် လောင်းကစား ဂိမ်းဆိုင်များ ဖွင့်ထားသဖြင့် COVID-19 ကူးစက်ပျံ့နှံ့မည်ကို ဒေသခံများက စိုးရိမ်နေသည်ဟု သိရသည်။

.

" Omicron COVID-19 ရောဂါ စတင်ဖြစ်ပွားလာချိန်တွင် ရောဂါပြန့်ပွားမှု တားဆီးရာတွင် အခက်ခဲ ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင် မိဘပြည်သူများ ကလေးငယ်များရဲ့ အသက် ကျန်းမာရေးကို လျစ်လျူ ရှုရာ ရောက်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများအား လေးစားစွာ တောင်ကြီးမြို့ပေါ်နေ မိဘပြည်သူကိုယ်စား တင်ပြအပ်ပါသည်။" ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် မှတ်တမ်း ဓါတ်ပုံနှင့်တကွ ရေးသားထားသည်။

.

အဆိုပါ အလုံပိတ် လောင်းကစား ဂိမ်းဆိုင်၏ မှတ်တမ်းဓါတ်ပုံမှာ မြို့မရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် ဆိုင် ဖြစ်ပြီး အခြားရပ်ကွက်များ အတွင်း၌လည်း ရှိနေသည်ဟု ဆိုသည်။

.

" ကျွန်တော်တို့ မြို့ကို ကျွန်နော်တို့ ချစ်ရမည် ဖြစ်ပြီး မြို့ပေါ်နေ မိဘပြည်သူများရဲ့ ကျန်းမာရေးနှင့် အခြား ခက်ခဲမှု တစ်စုံတရာ ပေါ်ပေါက်လာလျှင်တော့ အများအကျိုးအတွက် တင်ပြရမှာ ဘယ်ခေတ် ရောက်ရောက် ကျွန်တော်တို့ တာဝန် ဖြစ်ပါသည်။" ဟု ၎င်းက ဆက်လက် ရေးသားထားသည်။

.

စစ်အာဏာ သိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် အလုံပိတ် လောင်းကစား ဂိမ်းဆိုင်များကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့များထံ ငွေကြေးပေးဆောင်၍ လူအချို့က လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။


" ဟိုး အရင်ကလည်း ရှိတယ်၊ ဒါပေမဲ့ မီဒီယာတွေ ဝိုင်း ရေးကြလို့ ပျောက်သွားတာ။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မီဒီယာတွေ မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ရှိ မနေနိုင်တာကို အခွင့်ကောင်း ယူပြီး‌တော့ ပြန်လုပ်ခိုင်းထားဝာာ။ " ဟု သတင်းမီဒီယာသမား တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်၌ ယခုရက်ပိုင်းအတွင်း COVID-19 ပိုး တွေ့ရှိမှု ပြန်လည် များပြားလာသည့်အပြင် COVID-19 ဖြင့် သေဆုံးသူမှာလည်း ၂ ရက်ဆက်တိုက် ရှိနေသည်ကို တွေ့ရသည်။

Journal Download

Photo of three cats