ရှမ်းပြည်နယ်နေ့တွင် ဂုဏ်ထူးဆောင်ဆု ရသူများကို ရွှေနှင့် ငွေ ပေးရန် စစ်ကောင်စီ စီစဉ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်နေ့တွင် ဂုဏ်ထူးဆောင်ဆု ရသူများကို ရွှေနှင့် ငွေ ပေးရန် စစ်ကောင်စီ စီစဉ်ထား



လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် "ရှမ်းအမျိုးသားနေ့" တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်နေ့ အခမ်းအနား ပြုလုပ်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်မည် ဖြစ်ရာ ယင်းဆု ရသူများကို ရွှေနှင့် ငွေသားများ ပေးရန် စစ်ကောင်စီက စီစဉ်ထားကြောင်း သိရသည်။

.

" မနက်ပိုင်းမှာ မီးပုံးပျံကွင်းမှာ အခမ်းအနား လုပ်မယ်၊ ညမှာ‌တော့ ဂုဏ်ပြုညစာ စားပွဲ လုပ်မှာ။ ဆု ရတဲ့သူ‌တွေကို ဂုဏ်ထူးဆောင် လက်မှတ်နဲ့ဂုဏ်ထူးဆောင်ဆုတွေ ပေးမှာ။ ပထမအဆင့် အတွက် ရွှေချိန် ၈ ပဲ၊ ဒုတိယအဆင့်အတွက် ရွှေချိန် ၆ ပဲ၊ တတိယအဆင့်အတွက် ရွှေချိန် ၄ ပဲပေါ့။ အဲဒီ ၃ ဆင့်လုံးမှာ ငွေသား‌လည်း ပါမယ်၊ ဘယ်လောက်လဲတော့ မသိဘူး။ " ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၎င်းတို့ ရွေးချယ်ထားသူများကို ရှမ်းပြည်နယ်နေ့ အခမ်းနားတွင် လူမှုထူးချွန်ဆု၊ စီမံထူးချွန်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု၊ ကျန်းမာရေး ထူးချွန်ဆုများကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဟူ၍ သတ်မှတ်ပြီး ပေးအပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

.

ထို့အပြင် ညစာ စားပွဲအခမ်းအနားတွင် ဖျော်ဖြေရန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၁၃ ဖွဲ့ကို ခေါ်ယူထားသည်ဟုလည်း သိရသည်။

.

ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးနိုင်ရန်အတွက် စော်ဘွားများနှင့် လူထုကိုယ်စားလှယ်များ ပူးပေါင်းနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက် (၁၉၄၇ ခုနှစ်)ကို သျှမ်းအမျိုးသားနေ့ (ရှမ်းအမျိုးသားနေ့) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ရှမ်းပြည်နယ်နေ့အဖြစ် စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ စစ်ကောင်စီက ပြုလုပ်ပေးမည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် အသိမှတ် ပြုခြင်းကို မပြုလုပ်ကြရန် သျှမ်းကျောင်းသားများသမဂ္ဂ က မေတ္တာရပ်ခံပန်ကြားထားသည်။

Journal Download

Photo of three cats