ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၌ ယနေ့ ဖေဖော်ဝါရီ ၁ ရက်၊ ညဦးပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
" ဗုံး ၅ လုံး ဆက်တိုက် ကွဲတယ်လို့ သိရတယ်။ သေချာတော့ မသိဘူး၊ သေနတ်သံလား၊ ဗုံးသံလား မသဲကွဲလို့လေ။ အသံကတော့ ပြင်းတယ်။ ထိခိုက်တာတွေတော့ မသိရသေးဘူး။ သေနတ်သံတွေလည်း ကြားရတယ်။" ဟု တောင်ကြီးမြို့နေသူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ သစ်တောရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်တို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှု အသေးစိတ် အခြေအနေ၊ ဖောက်ခွဲမှု ပြုလုပ်သူနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို မသိရသေးပေ။
.
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
.
" ရှမ်းတောင်က ဖိနှိပ်ခံနေရတာ များနေပြီ။ ခုချိန်ရှမ်းတောင်က တအား ငြိမ်တယ်၊ ဒါကို အခွင့်ကောင်း ယူပြီး စကစ က ဖိနေတာ၊ နေ့တိုင်း ဖမ်းပြတာ။ ထောင်ချတာကလည်း ခုရက်ပိုင်း အကုန် ကျကုန်တာလေ။ ဖိနှိပ်မှု များလာလွန်းတော့လည်း ပြန်ကြွလာတာမျိုး ဖြစ်မှာ။ " ဟု မြို့ခံ တစ်ဦးက သုံးသပ်သည်။
.
ပြည်သူများ အနေဖြင့် တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီနှင့် သက်ဆိုင်သည့် နေရာများနှင့် လူစည်ကားရာ နေရာများတွင် သွားလာ နေထိုင်မှု မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချို့က သတိပေးထားသည်။