မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူ မပါဝင်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်၌ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေးကို မြန်မာ့အရေးကို အလေးထား ဆွေးနွေးဖွယ် ရှိပြီး အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆော့ခွန်းက အစည်းအဝေးကို ဦးဆောင်ကျင်းပခြင်း ဖြစ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အများစု လူကိုယ်တိုင် တက်ရောက်၍ ထိုင်း၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးများက အွန်လိုင်းမှ တက်ရောက်ကြသည်ဟု သိရသည်။
မြန်မာ အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးသို့ တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနှင့် မဆက်နွယ်သည့် ကိုယ်စားလှယ် တစ်ဦးကိုသာ တက်ခွင့်ပေးရန် အာဆီယံက ဆုံးဖြတ်ခဲ့ပြီး စစ်ကောင်စီကမူ ယင်း ဆုံးဖြတ်ချက်သည် ပဋိညာဉ်နှင့် မကိုက်ညီ၍ ကိုယ်စားလှယ် မလွှတ်သော်လည်း ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်မည်ဟု ထုတ်ပြန်ထားသည်။