ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင် ပြည်သူများ ခိုလှုံနေသည့် နောင်ပုလဲကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့် ၇ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
.
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၃ ဦး၊ စုစုပေါင်း ပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာ ရခဲ့သည့်အပြင် ဘာသာရေးဆိုင်ရာအဆောက်အဦ ၂ လုံး၊ ကား ၂ စီးနှင့် လူနေအိမ် ၂ လုံးတို့လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နောင်ပုလဲကျေးရွာအုပ်စုသည် စစ်ဘေးရှောင် ပြည်သူ အများအပြား ခိုလှုံနေသော နေရာဖြစ်ပြီး စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရာချီသော စစ်ဘေးရှောင်ပြည်သူလူထုများနှင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦး ၉ လုံး ထိခိုက် ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။