တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်၌ ဖေဖော်ဝါရီလ ၅ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် အိုက်မွန်းမိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေ ကျပ်သိန်း ၁၀၀) အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းနောက် စစ်ဆေး ပေါ်ပေါက်ချက်အရ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၄)၊ သဇင်လမ်းရှိ အိုက်မွန်းမိုင်း ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၈၀၀)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသည့် အိုက်မွန်းမိုင်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။