မိုးနဲမြို့၊ အမတ (၃၆၃) မှ တပ်သား နှစ်ဦးသည် ပြည်သူ့ပန်းတိုင်နှင့် ချိတ်ဆက်ပြီး ပြည်သူ့ဘက်ရပ်တည်၍ အလင်းဝင်ရောက်လာခဲ့ရာ လက်ရှိတွင် ၎င်းတို့သည် ဘေးကင်း လုံခြုံရာနေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည်။
.
“စကစ ရဲ့ လက်အောက်မှာ ကျတော်တို့ ဘယ်လိုမှ မနေနိင်တော့ဘူး။ အရင်ကတည်းက ကျတော်တို့နှစ်ယောက် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ဖို့အတွက် နည်းလမ်းပေါင်းစုံ ကြံစည်နေတာ။ အခု အခြေအနေ တစ်ခု ပေးလာတော့ ကျတော်တို့ ရအောင် ကြိုးစားပြီး ထွက်ခဲ့ရတာပဲ။
အခု ကျတော်တို့ အောက်ခြေက စစ်သည်တွေဆိုရင် ဘယ်မှလည်း သွားခွင့် မရ၊ မိဘအိမ်လည်းပြန်မရ၊ လစာတွေကိုလည်း ဘဏ်စုငွေ ဆိုပြီး ပြန်သွင်းခိုင်းတယ်။ ဒီတော့ ဘဏ်စုငွေကို ထုတ်ခွင့် မရဘူး။ ကျတော်တို့တပ်က ရှမ်းပြည်ဘက်က တပ်တစ်ခု ဖြစ်တယ်၊ အုတ်တွင်းဘက်မှာ စုဖွဲ့မှု လာလုပ်ရတာ။" ဟု CDM တပ်သားက ပြောဆိုကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
" အထက်က ကျတော်တို့ကို ဘယ်ကို သွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ ဘာမှ ပြောမထားဘူး။ အခု ကျတော်တို့ ပြည်သူ့ပန်းတိုင်ရဲ့ အချိတ်အဆက် အကူညီတွေနဲ့ လွတ်မြောက်နယ်မြေ တစ်ခုကို ရောက်ရှိနေပါပြီ။ ကျတော်တို့တပ်မှာ အောက်ခြေစစ်သည်တွေ ထပ်ပြီးထွက်လာဖို့တွေလည်း ရှိနေပါတယ်။” ဟုလည်း CDM တပ်သားက ပြောဆိုခဲ့ကြောင်း သိရသည်။
.
ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သား - People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြု အဖွဲ့အစည်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။