​မိုးဗြဲတွင် ၉ ရက်မြောက် တိုက်ပွဲများ ဆက်လက် ဖြစ်‌ပွားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

​မိုးဗြဲတွင် ၉ ရက်မြောက် တိုက်ပွဲများ ဆက်လက် ဖြစ်‌ပွားနေ


ဖယ်ခုံမြို့နယ်၊ မိုးဗြဲ၌ လွိုင်ကော် PDF ၊ KA ၊ KNDF ၊ ဒီးမော့ဆို PDF ၊ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ JPDF ၊ KGZ ၊ KPDF စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်တွင်လည်း တိုက်ပွဲ ၉ ရက်မြောက် အဖြစ် ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

.

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း ဝီတဲကူးကျေးရွာ တစ်ဝိုက်တွင် တစ်နေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ သံချပ်ကာနှင့် ဒုန်းပစ်ယာဉ်၊ လေယာဉ် တို့ဖြင့် ယခင်ကနှင့်မတူ အလွန်အကျွံ ပစ်ခတ်အသုံးပြုခဲ့ကြောင်း လွိုင်ကော် PDF က ယနေ့တွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီ၏ ခြေလျင်တပ်များသည် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပိတ်ဆို့ချေမှုန်းနေမှုကြောင့် အကျအဆုံး များကာ လှုပ်ရှား၍မရသည့် အတွက် လက်နက်ကြီး လေယာဉ်ပစ်ကူများ အလွန်အကျွံ ပစ်ခတ်ကာ ခြေလျင်တပ်များကို အသုံးဝင်နိုင်ရေး၊ ရှေ့တိုးနိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များကလည်း အစွမ်းကုန် တားဆီးပိတ်ပင်နေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။


စစ်ကောင်စီတပ်သည် ယမန်နေ့ ညပိုင်းက ဒေါကမီးတိုက်ပွဲနေရာနှင့် အလှမ်းဝေးပြီး ဆိုင်ဖွင့်ကာ အရောင်းဝယ် လုပ်နေသော ရွာတွင်းရှိ လူနေအိမ်များပေါ်သို့ အကြောင်းမဲ့ အဆင်ခြင်မဲ့စွာ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး ပွဲခြင်းပြီး အသက် ဆုံးရှုံးခဲ့ရကာ ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည့် အပြင် နေအိမ် ၅ လုံးခန့်လည်း ပျက်စီးခဲ့‌ကြောင်း သိရသည်။ 

.

စစ်ကောင်စီသည် ၎င်းတို့ အာဏာ တည်မြဲရေးတစ်ခုတည်းကို ကြည့်ပြီး အပြစ်မဲ့ ပြည်သူများကိုပါ ရန်ရှာသုတ်သင်ခြင်းအမှုကို ပြုလုပ်‌နေခြင်းကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ ရုပ်ပိုင်း စိတ်ပိုင်း မလုံခြုံမှု၊ ဖိစီးမှုများ ခံစားနေရကာ အင်မတန် အရေးကြီးသော ကာလကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပြည်သူ့ ကာကွယ်ရေးတပ်များ အနေဖြင့် မည်သည့်နည်းနှင့်မျှ အလျော့ပေးမည် မဟုတ်ဘဲ စစ်ကောင်စီအကြမ်းဖက်သူများကို ရှိသမျှ အင်အား အကုန်သုံးကာ တိုက်ခိုက် တွန်းလှန်မည် ဖြစ်ပြီး နိုင်ငံနှင့်အဝှမ်းမှ ပြည်သူများကလည်း ငွေအား၊ လူအား၊ စိတ်ခွန်အား၊ ပစ္စည်းအား နည်းမျိုးစုံဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီ ထောက်ပို့ပေးကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။

Journal Download

Photo of three cats