ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာ၌ စစ်ကောင်စီက ပြုလုပ်သည့် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော်တွင် လေ့လာသူ မရှိဘဲ ဝန်ထမ်းများသာ ရှိကြောင်း သိရသည်။
.
" ပွဲခင်းထဲမှာတော့ ပြခန်း ပြတဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေပဲ ရှိပါတယ်။ လေ့လာသူ တောင်သူတွေ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ နေရာ တစ်ခုလုံး စောင့်ကြည့်ကင်မရာ အပြည့် တပ်ဆင် ထားပြီးတော့ အရပ်ဝတ်၊ ယူနီဖောင်းတွေနဲ့ပါ စောင့်ကြပ်နေပါတယ်။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆိုပါ ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော် ကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်က စစ်ကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
" ဖွင့်ပွဲလုပ်တဲ့ ၇ ရက်နေ့မှာတော့ ပွဲကွင်း တစ်ခုလုံးကို ဖုန်းလိုင်း ဖြတ်တောက်ထားပြီးတော့ ဝင်ခွင့် ကတ်ပြားပါမှ ကွင်းအတွင်းကို ပေး ဝင်ပါတယ်။" ဟု ပွဲတော်သို့ သွားရောက်သူ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်ကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ယခုတွင် စစ်ကောင်စီက ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော် အမည်ဖြင့် ၃ ရက်တာ ပြုလုပ်နေခြင်း ဖြစ်သည်။