ဖယ်ခုံမြို့နယ်အတွင်း၌ စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်း မပြုရန်အတွက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဖယ်ခုံ PDF က ကြိုတင်ကွင်းဆင်း အသိပေးမှုများ ပြုလုပ်ခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် PDF Pekhon က ထုတ်ပြန်သည်။
.
ဖယ်ခုံမြို့နယ် အတွင်းရှိ ဈေးဆိုင်များအနေဖြင့် စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်သော ထုတ်ကုန်အချို့ကို ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ ထပ်မံ တင်သွင်း/ရောင်းချခြင်း မပြုရန် ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဖေဖော်ဝါရီလ ၃ ရက်တွင် အသိပေးတားမြစ်စာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အတိုင်း ပြည်သူများ အခက်ခဲ မရှိဘဲ လိုက်နာနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၂ ရက်ထိ ပအဖ နှင့် PDF Pekhon တပ်ခွဲ(၁)၊ (၂)၊ (၃) တို့ ပူးပေါင်း၍ စစ်ကောင်စီ ထုတ်ကုန်များကို ရောင်းချခြင်း မပြုရန်၊ ပြည်သူများ အားလုံး ပူးပေါင်း ပါဝင်ပေးရန် အတွက် ကြိုတင်ကွင်းဆင်း အသိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကြိုတင်ကွင်းဆင်း ဆောင်ရွက်ရာတွင် အခက်ခဲ တစ်စုံတရာ မရှိဘဲ ပြည်သူများကလည်း ပူးပေါင်း ပါဝင်လိုကြသည်ကို တွေ့ရသည်ဟု PDF Pekhon ၏ ထုတ်ပြန်ချက်အရ သိရသည်။