ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦးကို ငွေကျပ်သိန်း ၄၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် အတူ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပင်လောင်း - နေပြည်တော်လမ်း၊ လိန်းလီ ကြိုးတံတား အနီးတွင် ဗိုလ်မှူး စံမင်းထွန်းနှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆) ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ စစ်ကောင်စီတပ် အရာရှိများမှာ အမှတ် (၂၀၃၂) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဖြစ်ပြီးပင်လောင်းမှ ပေါင်းလောင်းသို့ HONDA FIT မော်တော်ယာဉ်ဖြင့် မောင်းနှင်စဉ် ပူးပေါင်းအဖွဲ့က စစ်ဆေး ရှာဖွေရာ စက္ကူဂျပ်ဖာအတွင်း ပလပ်စတစ်အိတ်များဖြင့် ထည့်လာသည့် WY နှင့် R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၉ သိန်းကျော်ကို သိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့သည် စိတ်ကြွဆေးပြားများကို နမ့်စန်မှ နေပြည်တော်သို့ ကျပ်သိန်း ၅၀ ဖြင့် အခကြေးငွေဖြင့် ပို့ဆောင်ပေးရန် ကြံစည်ကြခြင်း ဖြစ်ပြီး၊ ခရီး သွားလာခွင့်ကို အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်းနှင့် အရာရှိများ ဖြစ်သည့်အတွက် စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့်သာ အရေးယူမည်ဟု ပေါက်ကြားလာသော ရဲကြေးနန်းအရ သိရသည်။