တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာ၌ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သိရသည်။
.
" ကျောက်ဂူရွာမှာ တိုက်ပွဲ ဖြစ်နေပါတယ်။ မနက်ကတည်းက ဖြစ်နေတာ၊ ခုထိ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် RCSS နှင့် မြောက်ပိုင်းမဟာမိတ် တပ်များ တိုက်ပွဲ ဖြစ်ပွားနေကြခြင်း ဖြစ်ပြီး လက်ရှိတွင် ဒေသခံ ပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေး၊ ပုန်းခိုနေကြရသည်ဟု ၎င်း၏ ပြောဆိုချက်အရ သိရသည်။
" ရွာသားတွေ ပြေးတဲ့သူ ပြေးတယ်၊ ပုန်းတဲ့သူ ပုန်းတယ်။ အခု ကိုယ်တိုင် ပြေးနေရပြီ။ မနေ့က ဖြစ်တဲ့ တိုက်ပွဲကတော့ ခုနေ့လောက် မဆိုးဘူး။ ခုက လက်နက်ကြီးနဲ့ပါ ဆော်နေပြီ။" ဟု တိုက်ပွဲကြောင့် ထွက်ပြေးနေရသူ တစ်ဦးက ပြောသည်။
.
" RCSS နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲ ဖြစ်တာလို့ တချို့က ပြောတယ်။ တချို့ကလည်း RCSS နဲ့ SSPP လို့ ပြောကြတယ်။ တိုင်းရင်းသား အဖွဲ့ အချင်းချင်း ဖြစ်တာတော့ မှန်တယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းများကလည်း အဆိုပါ ကျောက်ဂူကျေးရွာ အနီးနှင့် နောင်ဝိုးကျေးရွာဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ယခုတွင် ကျောက်ဂူကျေးရွာအတွင်း၌ပါ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် အင်တောမြို့နေသူများပင် စိုးရိမ်ကြနေရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
.
ရပ်စောက်မြို့နယ်၊ နောင်ဖန်ရွာတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၂၀၀ ကျော် ရှိနေကာ ယခုတွင် ပိုမို များပြားလာနိုင်ကြောင်း သိရသည်။