ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့၏ အရှေ့ဖက်ခြမ်း တစ်နေရာသို့ စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
.
" စကစတပ်မှ ရမ်းသမ်း ပစ်ခတ်လိုက်သော လက်နက်ကြီး (120) မမ ၄ လုံး ကျရောက်ခဲ့ပြီး ၃ လုံးမှာ ပေါက်ကွဲ၍ တစ်လုံးမှာ ပေါက်ကွဲခြင်း မရှိခဲ့ဘဲ လက်နက်ကြီး ကျရောက်ခဲ့သည့် မြေပြင်နေရာများသို့ မိမိတို့တပ်ရင်းမှ သွားရောက်ကြည့်ရှု စစ်ဆေး အတည်ပြုခဲ့သည်။" ဟု KNDF B-10 က ယနေ့တွင် ထုတ်ပြန်သည်။
ယင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်ဆီးမှု မရှိခဲ့သော်လည်း အနီးဝန်းကျင်ရှိ ကျေးရွာနေ ဒေသခံများမှာ ညတွင်းချင်း တိမ်းရှောင်ခဲ့ရသည်ဟုလည်း KNDF B-10 ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ကရင်နီ (ကယား) ပြည်နယ်၌ တိုက်ပွဲများကြောင့် ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (ဇန်နဝါရီလ ၁၆ ရက်ထိ) နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ပြည်သူပေါင်း ၁၁၇၀၀၀ ခန့် ရှိနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း Karenni Civil Society Network ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။