ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀ ရက်အထိ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ ကြား တိုက်ပွဲပေါင်း ၆၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF ဘက်မှ ၂၂၇ ဦး သေဆုံးကာ ၁၅၉ ဦး ဒဏ်ရာရခဲ့ပြီး KNLA နှင့် KNDO ဘက်မှ ၅ ဦး ကျဆုံး၍ ၂၀ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
.
KNU တပ်မဟာ (၁) နယ်မြေ ဒူးသထူ (သထုံ) ခရိုင်တွင် စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များသည် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ ပစ္စည်းများ အဓမ္မသိမ်းယူခြင်း၊ အဓမ္မ ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့၍ ပြည်သူ ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အပြင် KNU တပ်မဟာ (၅) မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်၊ လူသောမြို့နယ်များ အတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များက လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံ အရပ်သား ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။