မီး အမြဲ ပြတ်နေသည့် တောင်ကြီးမြို့ရှိ နေအိမ်အချို့ မီတာခ မဆောင်ဟု ဆိုကာ မီး ဖြတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မီး အမြဲ ပြတ်နေသည့် တောင်ကြီးမြို့ရှိ နေအိမ်အချို့ မီတာခ မဆောင်ဟု ဆိုကာ မီး ဖြတ်ခံရ

လျှပ်စစ်မီး အမြဲ ပြတ်‌နေပြီး ပုံမှန် မရရှိသည့် တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့၌ မီတာခ မပေးဆောင်၍ဟု ဆိုကာ ယခုရက်ပိုင်း‌အတွင်း မီး (ဓါတ်အား) ဖြတ်တောက်ခံရကြောင်း သိရသည်။

.

" ကျွန်တော်တို့ ကွန်ဒို တစ်တိုက်လုံး ဘယ်သူကမှ မီတာ မဆောင်လို့ မီး ဖြတ်သွားတာပါ။ တခြား မီတာ မဆောင်တဲ့ ကိုယ်ပိုင် ထရန်စဖော်မာတွေကိုလည်း အတင်း မီးလိုက် ဖြတ်နေပါတယ်ဗျ။ " ဟု တောင်ကြီးမြို့‌ပေါ် ကွန်ဒိုတစ်ခုတွင် နေထိုင်သူတစ်ဦးက ယမန်‌နေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောသည်။

.

တောင်ကြီးမြို့ပေါ်၌ လျှပ်စစ်မီး အချိန်ပြည့် မရသည့်အပြင် မကြာခဏ ပြတ်တောက်နေသည်ကို လျစ်လျူရှု၍ မီတာခ ကောက်ခံ‌နေခြင်း အပေါ်တွင်လည်း ဒေသခံများက ဝေဖန် ပြစ်တင်နေကြသည်။

.

" မီးက ခဏ ခဏ ပြတ်နေတာ၊ ကွန်ပျူတာနဲ့ စာရိုက်တာ၊ ၃ ရွက်တည်းကို ၂ ရက် ကြာသွားတယ်။ အဲဒါကို လျစ်လျူရှုပြီး လုပ်ချင်ရာ လုပ်နေတာ။ သူတို့ ငွေရဖို့ပဲ သိတာ။ " ဟု ဒေသခံ တစ်ဦးက ဆိုသည်။

.

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင်လည်း သေနတ် ကိုင်ထားသူ ၂ ဦး အပါအဝင် လူ တစ်စုက မီတာခ မဆောင်ဟု ဆိုကာ သစ်တောရပ်ကွက်ရှိ နေအိမ်အချို့ကို မီးဖြတ်ခဲ့‌သည်ဟုလည်း ဒေသခံများထံမှ သိရသည်။

.

" မီတာခ ဆောင်နေတဲ့ အိမ်တွေလည်း မီး အချိန်ပြည့် မလာဘူး။ ဖြတ်လည်း ဖြတ်ပါ​စေပေါ့။ ခုလို နိုင်ငံရေး အကြပ်အတည်းကာလမှာ ပြည်သူတွေ ဒုက္ခရောက်တာကို မြင်ချင် တွေ့ချင်နေတာ သူတို့က။ " ဟု မီတာခ မပေးဆောင်၍ ဓါတ်အား ဖြတ်တောက်ခံရသူ တစ်ဦးက ပြောသည်။

.

‌ကြွေးကျန် မီတာများအနက် ၄ လနှင့် အထက် ရှိသည့် မီတာများအား ဓါတ်အား ဖြတ်တောက်ခြင်း၊ မီတာ ဖြုတ်သိမ်းခြင်းတို့ကို ယခု ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်မည်ဟု စစ်ကောင်စီ လက်အောက်ရှိ ဌာနများက ကြေညာထားကြောင်းလည်း သိရသည်။

.

တောင်ကြီးမြို့တွင် လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီက လျှပ်စစ်ဓါတ်အားခ ကောက်ခံရေးလုပ်ငန်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats