တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာ၌ ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော် ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်နေလျက် ရှိပြီး ပွဲတော်တွင် ပါဝင်ပြသရန် စိုက်ပျိုးရေးကုမ္ပဏီများကို စစ်ကောင်စီက ဖိအားပေးမှုများ ရှိနေသည်ဟု သိရသည်။
.
" အင်းခေါင်းကျေးရွာမှာ ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်ကို ၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့သလို ပြုလုပ်ပါမယ်၊ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေကို ပွဲတော်မှာ ပါဝင်ပြသဖို့ အတင်းအကြပ် ဖိအားပေး တောင်းဆိုထားပါတယ်။" ဟုသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆိုပါ ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီလ ၇ ရက်မှ ၉ ရက်ထိ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပွဲတော်တွင် ပါဝင် ပြသရန် စိုက်ပျိုးရေးကုမ္ပဏီများကို စစ်ကောင်စီက ဖိအားပေးမှု ရှိနေသကဲ့သို့ ကုမ္ပဏီအချို့ကလည်း ပါဝင်ပြသရန် ပွဲတော်ဖြစ်မြောက်ရေး တာဝန်ရှိသူများကို ဆက်သွယ်ထားကြသည်ဟု ၎င်းထံမှ သိရသည်။
.
လက်ရှိတွင် ပွဲတော်ကျင်းပမည့် နေရာကို လုံခြုံရေး တင်းကြပ်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
.
ပထမဦးဆုံး အကြိမ်အဖြစ် ရှမ်းပြည်နယ်စိုက်ပျိုးရေး စုံညီပွဲတော်ကို အင်းခေါင်းကျေးရွာ၌ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၄ ရက်ထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ပွဲတော်သို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။