တောင်ကြီးမြို့တွင် ကုန်တင်/ခရီးသည်တင်ယာဉ်များနှင့် ပတ်သက်၍ ကန့်သတ် တားမြစ်မှုများ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့တွင် ကုန်တင်/ခရီးသည်တင်ယာဉ်များနှင့် ပတ်သက်၍ ကန့်သတ် တားမြစ်မှုများ ပြုလုပ်မည်


တောင်ကြီးမြို့ပေါ်၌ ကုန်တင်/ခရီးသည်တင်ယာဉ်များနှင့် ပတ်သက်၍ စစ်‌ကောင်စီက ကန့်သတ် တားမြစ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.

၃ တန်နှင့်အထက် ကုန်တင်ယာဉ်များ မြို့‌ပေါ်တွင် ကုန်တင်/ချ ပြုလုပ်ခြင်း၊ ရပ်တန့်ခြင်း မပြုလုပ်ရန်၊ အ‌ရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်း တစ်လျှောက်တွင် မည်သည့် အကြောင်းနှင့်မျှ မရပ်ရဘဲ အေးသာယာမြို့၊ ရပ်ကွက်(၂)၊ အကွက်အမှတ်နှင့်အမည် (၂၂/ခပေါင်းရေကြည်ရပ်)နေရာ၌သာ ရပ်နားရန်၊ ခေါက်တိုယာဉ်အား ၃ တန် (အရှည် ၁၄ ပေ)ထိ ခွင့်ပြုထားပြီး ယင်း ခေါက်တိုယာဉ်နှင့် အဝေးသွားယာဉ်ငယ်များ အနေဖြင့် ကုန်ချစဉ်မှ လွဲ၍ မြို့ပတ်လမ်းတစ်လျှောက် ရပ်တန့်ခြင်း မပြုရန် တားမြစ်ထားသည်။

.

စည်ပင်နယ်နိမိတ် အတွင်း ၂၂ ဘီးတွဲယာဉ်များ ရပ်တန့်ခြင်းနှင့် ကုန်တင်/ချ ပြုလုပ်ခြင်း မလုပ်ရန်၊ စက်သုံးဆီတင်ယာဉ်များ မြို့တွင်း မည်သည့်နေရာတွင် မဆို ရပ်တန့်ခြင်း မပြုရန်၊ မြို့တွင်း ဖြတ်သန်း မောင်းနှင်ရာတွင် တစ်နာရီ ၁၀ မိုင်နှုန်းသာ မောင်းရန်ကိုလည်း ကန့်သတ်ထားသည်။

.

ထို့အတူ ခရီးသည်တင်ယာဉ်များ၏ ခေါင်မိုးပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်း မတင်ရဘဲ ကန့်သတ် ဧရိယာများတွင်လည်း ဝင်ရောက် ကုန်တင်ဆောင်ခြင်း မပြုရန်၊ ယာဉ်များ အားလုံး ယာဉ်နှစ်ထပ် မရပ်ရန် ကန့်သတ်ထားကြောင်း သိရသည်။


အဆိုပါ ကန့်သတ်တားမြစ်မှုကို ဖေဖော်ဝါရီ ၄ ရက်မှ စတင်မည် ဖြစ်ကြောင်းနှင့် မလိုက်နာပါက ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ရှိ ရှမ်းပြည်နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ စီမံဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ကုန်တင်ယာဉ်မောင်း တစ်ဦးက " ပြည်သူအတွက် ဘာမှ မလုပ်ပေးနိုင်ဘူး။ ကျစ်မယ်၊ ရစ်မယ်၊ တောင်းမယ် ဒါပဲ တတ်တာ။ အတင်းအဓမ္မ ငွေတောင်းနေတာကြတော့ မသိချင်ယောင် ဆောင်နေကြတာ။" ဟု ဝေဖန် ပြောဆိုသည်။

Journal Download

Photo of three cats