ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာ၌ ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က တိုက်လေယာဉ် ဖြင့် ကြားဝင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
" တပ် (စစ်ကောင်စီတပ်)က လေယာဥ်ပါ ပါလာတယ်။ ဆေးရုံ အပေါ်တည့်တည့် ထိသွားတယ်။ သီးနှံ ဂိုဒေါင်ကတော့ လုံးဝ ပြာ ဖြစ်သွားတယ်။ ဒီအရွယ်ထိအောင် တစ်ခါမှ မကြုံဖူးသေးဘူးဗျာ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ယင်း ထိခိုက် ပျက်ဆီးမှုမှာ မည်သည့်အဖွဲ့က ပစ်ခတ်သည့် ကျည်ကြောင့် ဖြစ်သည်ကိုမူ အတိအကျ ခန့်မှန်း၍ မရကြောင်းနှင့် တိုက်ပွဲအတွင်း အရပ်သား ပြည်သူများ သေဆုံး/ ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
" နေ့လယ် ၁၂ နာရီ နောက်ပိုင်း အရပ်သား သေဆုံးမှု အရမ်း များသွားပြီ။ တိုက်ပွဲ ဖြစ်တာထက် လေယာဉ်ပါ ပါလာတော့ ပို ဆိုးသွားတာ။ ဘယ်သူက ဘယ်သူ့ကို ပစ်မှန်း မသိတော့ဘူး။ နောက်ဆုံးတော့ ကိုယ်တွေပဲ ပြေးကြရတာ။ " ဟု ဆိုသည်။
.
လက်ရှိတွင် ကျောက်ဂူကျေးရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာမှ ဒေသခံ အများအပြားသည် စစ်ဘေးရှောင် အဖြစ် နေရပ်စွန့်ခွာ၍ အရေးပေါ် ထွက်ပြေးတိမ်းရှောင် နေကြရလျက် ရှိသည်။