ကရင်နီ (ကယား) ပြည်နယ်မှ ပြည်သူ ၂၀၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း UNOCHA Myanmar က ယနေ့ ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ (သို့မဟုတ်) ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး အထူးသဖြင့် ကရင်နီ (ကယား) ပြည်နယ်တွင် ပိုမို ပြင်းထန်လာနေကာ လက်နက်ကြီး အသုံးပြုမှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေသည်ဟု ဖော်ပြသည်။
.
လွိုင်ကော်မြို့ရှိ လူဦးရေ ထက်ဝက်ကျော်သည် ဇန်နဝါရီလ ၁၃ ရက်တွင် ရပ်ရွာစင်တာ၊ ဘာသာရေး အဆောက်အအုံများတွင် ယာယီ နေထိုင်ကြရပြီး အချို့မှာ နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ လူဦးရေ ၅၀၀၀ ဝန်းကျင်၊ ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင် အတွင်းသို့ လူဦးရေ ၁၀၀၀ ဝန်းကျင် တိမ်းရှောင်ခဲ့ရကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ မေလကတည်းက ကရင်နီ(ကယား)ပြည်နယ်တွင် အိမ်အလုံးရေ ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် အရပ်သား ပိုင်ဆိုင်သည့် အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
.
ထို့အတူ ကရင်ပြည်နယ်တွင်လည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ် ကတည်းက လူဦးရေ ၂၂၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု ထည့်သွင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
.
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဇန်နဝါရီလ ၁၀ ရက် ကိန်းဂဏန်းများအရ အရှေ့တောင်ပိုင်းတွင် ၂၀၀၄၀၀ ဦး (၅၃ ရာခိုင်နှုန်း) နှင့် အနောက်မြောက်ပိုင်းတွင် ၁၅၇၅၀၀ ဦး (၄၁ ရာခိုင်နှုန်း) အပါအဝင် လူဦးရေ ၃၇၇၈၀၀ ခန့်သည် မြန်မာနိုင်ငံအတွင်း တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရကာ လူဦးရေ ၂၈၀၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းများတွင် နေထိုင်ရလျက်ရှိကြောင်း သိရသည်။

Home
UN
ထုတ်ပြန်ချက်
ပြည်တွင်းသတင်းများ
ကရင်နီ (ကယား) ပြည်နယ်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း UNOCHA ထုတ်ပြန်
ကရင်နီ (ကယား) ပြည်နယ်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း UNOCHA ထုတ်ပြန်
Tags
# UN
# ထုတ်ပြန်ချက်
# ပြည်တွင်းသတင်းများ
Share This
About kanbawza tai news
ပြည်တွင်းသတင်းများ
Tags
UN,
ထုတ်ပြန်ချက်,
ပြည်တွင်းသတင်းများ