မတရားဖမ်းဆီး ခေါ်ဆောင်ခြင်း ခံထားရသည့် မိုင်းကိုင်မြို့နယ် TNP ပါတီ ဥက္ကဌ မိုင်းနုမ်ဟန် နှင့် မိသားစုကို အမြန်ဆုံး လွှတ်ပေးရန် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က တိုက်တွန်း တောင်းဆိုခဲ့သည်။
.
လက်ရှိ တော်လှန်ရေးကာလတွင် တိုင်းရင်းသားအချင်းချင်း ညီညွတ်မှုကို ရှေးရှုပြီး ပြန်လွှတ်ပေးရန် TPCC က ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး မိုင်းနုမ်ဟန် နှင့် TNP အဖွဲ့ဝင်များသည် ဒေသခံများအတွက် အားကိုးရသူများ ဖြစ်ပြီး စစ်ဘေးရှောင်များကို ကူညီပေးနေကြသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ထို့အတူ မိုင်းနုမ်ဟန် နှင့် မိသားစုအား မတရား ဖမ်းဆီး ခေါ်ဆောင်ထားခြင်းမှာ လူသားမဆန်သည့် လုပ်ရပ်ဖြစ်ပြီး TPCC အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း ဖော်ပြထားသည်။
.
မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် နှင့် ဇနီး ၊ ၇ လသားအရွယ် ကလေးငယ်တို့သည် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၀ ရက်တွင် မယ်ချိနုကျေးရွာမှ မိုင်းကိုင်မြို့သို့ အပြန် တုံလော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ အနီးတစ်ဝိုက်တွင် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။