စစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်တွင် သတိပေးဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း တာချီလိတ်ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် TCL ၊ KK ၊ SHN တို့က ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် ပူးတွဲ ထုတ်ပြန်သည်။
.
တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် လာရောက်သော ဇန်နဝါရီလ ၈ ရက်၊ ညပိုင်းက ပြည်နယ်ဝန်ကြီးများ ညအိပ်သည့် ဇန်းမွန်းဟိုတယ် အနီးနှင့် ဇန်နဝါရီလ ၉ ရက်က ဝန်ကြီးချုပ် တက်ရောက်သော မှတ်ပုံတင်ပေးအပ်ပွဲ ပြုလုပ်ရာ အောင်မြတ်ခန်းမကို သတိပေး ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်းကို TCL ၊ KK ၊ SHN တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။
.
ထို့အတူ ငွေကြေး လာဘ်စားမှုများ၊ အဂတိမှုများ ရှိနေသည့် လဝကရုံးကိုလည်း ဇန်နဝါရီလ ၁၀ ရက်က သတိပေး ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ပြုလုပ်စဉ် ရုံးအကူ မိသားစုကို မထင်မှတ်ဘဲ ထိခိုက်ဒဏ်ရာ ရရှိစေမှုအပေါ် ဝမ်းနည်းမိကြောင်းနှင့် တောင်းပန်ကြောင်းကို အသိပေးထားသည်။
.
ထို့အပြင် တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ဖြင့် ဇန်နဝါရီလ ၁၀ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်မှာ TCL ၊ KK ၊ SHN တို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်းကိုလည်း ဖော်ပြထားသည်။
.
TCL ၊ KK ၊ SHN တို့ အနေဖြင့် စစ်အာဏာရှင် ကျဆုံးရေးအတွက် စစ်အာဏာရှင်များနှင့် ယန္တရားကို အထောက်အကူ ပြုစေသူများအား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။