အေးသာယာ၌ စစ်ကောင်စီ ပတ်ကင်းအဖွဲ့က ညပိုင်း အပြင်ထွက်သူများအား ငွေညှစ်နေပြီး ငွေ မရပါက ရိုက်နှက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အေးသာယာ၌ စစ်ကောင်စီ ပတ်ကင်းအဖွဲ့က ညပိုင်း အပြင်ထွက်သူများအား ငွေညှစ်နေပြီး ငွေ မရပါက ရိုက်နှက်

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ စစ်ကောင်စီ၏ ပတ်ကင်းအဖွဲ့က လုံခြုံရေး အကြောင်းပြ၍ ဒေသခံ ပြည်သူများအား ငွေညှစ် (ငွေ အဓမ္မ တောင်းခြင်း) တောင်းခံမှုများ ပြုလုပ်ကာ ငွေမရပါက ရိုက်နှက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

.

" အေးသာယာမှာ ၁၀ နာရီ မထိုးသေးဘူး။ ကင်းပတ်ပီး လူ တွေ့ရင် စစ်ပြီးတော့ လွယ်အိတ်ထဲပိုက်ဆံပါရင် ကားပေါ်ခေါ်တင် ငွေညှစ်တယ်။

စစ်ဆေးလို့ ဘာမှ မတွေ့ရင် နားရိုက်၊ ပါးရိုက်စောင့်ကန်တာ။ အခုည (ဇန်နဝါရီလ ၇ ရက်)ကပါ။ " ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဒေသခံ တစ်ဦးက ပြောသည်။

.

စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့များသည် အပြစ်မဲ့ပြည်သူများအပေါ် အကြောင်းမဲ့ စစ်ဆေး၍ ငွေကြေး ပါရှိက ငွေညှစ် တောင်းခံခြင်း၊ ငွေကြေး မပါရှိက ရိုက်နှက် ကန်ကြောက်ခြင်းများ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

.

" စစ်တဲ့ သူတွေသူက မူးနေကြတာ များတယ်၊ အေးသာယာမှ မဟုတ်ဘူး၊ တောင်ကြီး‌၊ ရွှေညောင်၊ ဟိုပုံး အကုန်လုံး လုပ်နေကြတာ။ တချို့ဆို အကြောင်းရှာပြီး ဖမ်းတယ်။ ငွေတောင်းတယ်၊ ပေးရင် လွတ်တယ်၊ မပေးရင် မလွတ်တော့ဘူး။ သိန်း ၃၀၀ ပေးပြီး ပြန်လွတ်တဲ့သူတောင် ရှိတယ်။ ငွေ ပေးလို့ လွှတ်လိုက်တဲ့သူက ----- ။ " ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

.

ယင်းကဲ့သို့ အကြောင်းမဲ ဖမ်းဆီး ခံရသူများမှာ လူမှုကွန်ရက်တွင် မှတ်ချက် (Comment) ရေးသားသူများ၊ လက်ကိုင်ဖုန်းအတွင်း၌ စစ်ကောင်စီအား ဆန့်ကျင်သည့် အကြောင်းအရာ‌ တွေ့ရှိသူများနှင့် ညဘက် အပြင် ထွက်သူ (အချို့) များ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

.

တောင်ကြီးမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှ စတင်၍ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားသော်လည်း မေလ ၄ ရက်မှ စတင်ကာ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ပြင်ဆင် သတ်မှတ်ထားသည်။

Journal Download

Photo of three cats