မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်)၏ မုံးကိုးဒေသရှိ မန်ရန်တပ်စခန်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့သည်ဟု The Kokang က ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်သည် မန်ရန်တပ်စခန်းသို့ ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အတွင်း လက်နက်ကြီးကျည် စုစုပေါင်း ၃၀ ကျော်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်ကျည် ၁၅၀ နှင့် စနိုက်ပါရိုင်ဖယ်ဖြင့် ကျည် ၁၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း နှင့် ရှိကျိကျတောင်တန်းကိုလည်း လက်နက်ကြီးကျည် စုစုပေါင်း ၄၀ ကျော်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်မဟာ၂၁၁ တို့သည် ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် မူပန်ဒေသ၊ ကွမ်းသာ အနောက်တောင်ကုန်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း MNDAA ဘက်က ထိခိုက်မှု မရှိခဲ့ဘဲ စစ်ကောင်စီဘက်က ထိခိုက်/သေဆုံးမှု အခြေအနေကိုလည်း မသိရပေ။
.
ယခု ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးခြေလှမ်းသစ်များ စတင်မည် ဖြစ်ပြီး နှစ်ဖက်ညှိုနှိုင်းမှုများကြောင့် မကြာမီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်လာမည်ဟု စစ်ကောင်စီ ဥက္ကဌက ၎င်း၏ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သော််လည်း လက်တွေ့တွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု၏ အခြေစိုက်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။