မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ကိုးကန့် နှင့် စစ်ကောင်စီတပ်တို့ အထူးဒေသ(၁) ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်တွင် ဇန်နဝါရီလ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း MNDAA က ယမန်နေ့တွင် ထုတ်ပြန်သည်။
.
ကိုးကန့်ခရိုင်၊ ရှင်ဝမ့်ဒေသလိုင်ဟုရှိ ရွာ၏ အနောက်ဘက်တွင် တစ်ကြိမ်၊ မူပန်ခရိုင်၊ လိုင်းကျန်ဒေသတွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲများတွင် MNDAA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘဲ စစ်ကောင်စီတပ်ထံမှ စကားပြောစက် ၁ လုံးနှင့် ရိုင်ဖယ်သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
MNDAA ၏ မုံးကိုးခရိုင်၊ မန်ရန်တပ်စခန်း၊ ရှိကျိကျတောင်ကုန်း နှင့် ပန်ရှိတိုက် စသောတပ်စခန်းများကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၁၂၀ ကျော်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
.
ထို့အတူ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းမှ စတင်ကာ လက်နက်ကြီးကျည် ၈ လုံးဖြင့် ပစ်ခတ်ခဲ့သော်လည်း မည်သည့်နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း မသိဟု ထုတ်ပြန်ထားသည်။