အာဏာသိမ်းစစ်တပ်သည် မတရားဖမ်းဆီးခံထားရသူအများအပြားကို ၂၀၂၁ နှစ်မကုန်မီ ရက်ပိုင်း အလိုတွင် ထောင်ဒဏ်များချမှတ်ခဲ့ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ဖမ်းဆီးခံထားရသည့် သံလွင်သွေးချင်းဂျာနယ် အယ်ဒီတာာချုပ် မမြဝန်းရံလည်း ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီသည် သတင်းမီဒီယာသမားများကို အငြိုးထားကာ ဖိနှိပ်လျှက်ရှိရာ မမြဝန်းရံသည် သတင်းမီဒီယာသမားအဖြစ် ကာလကြာရှည် လုပ်ကိုင်ရပ်တည်လာသူ ဖြစ်သည့် အတွက် ယင်းအချက်ကြောင့်ပင် အငြိုးထားကာ မတရားဖမ်းဆီး ထောင်ချခဲ့ခြင်းဖြစ်ကြောင်း MASS အဖွဲ့က ယုံကြည်ပါသည်။
ထို့အတူ ရွှေဖီမြေသတင်းဌာနမှ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကိုလည်း မတရား ဖမ်းဆီးထားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုရင်ဆိုင်နေရဆဲ ဖြစ်ကာ တာချီလိတ်သတင်းအေဂျင်စီ၏ လုပ်ငန်းလိုင်စင်ကို ပိတ်သိမ်းခြင်း၊ ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် သတင်းသမားဟု စွပ်စွဲခံရသည့် မိသားစုဝင် စိုင်းစည်သူ တို့ကို ဒီဇင်ဘာလ ၁၀ ရက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ၏ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်းများကိုလည်း ပြုမူခဲ့ပါသည်။
အလားတူပင် ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနများ၏ ရုံးခန်းများကို ချိုးဖျက် ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခြင်း၊ သတင်းဌာနအချို့၏ တည်ထောင်သူများ၊ အယ်ဒီတာများ၊ သတင်းထောက်များကို အမှုဖွင့်၍ လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် လွတ်လပ်သော သတင်းသမားများမှာ တိမ်းရှောင်နေကြရလျက် ရှိပါသည်။
ယခင်ကတည်းကပင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုံးလုံးလျားလျားပင် စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတစ်ခု အဖြစ်သို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဒီမိုကရေစီ လမ်းစဉ်ကို လျှောက်လှမ်းနေသည်ဟု မည်သို့ပင်ပြောဆိုနေသော်ငြားလည်း သတင်းမီဒီယာသမားများကို မတရားဖမ်းဆီး ထောင်ချမှု၊ ဖိနှိပ်မှု လုပ်ရပ်များမှာ ၎င်း၏ပြောဆိုချက်များနှင့် လုံးဝပင် ဆန့်ကျင်နေသည်။
သတင်မီဒီယာသမားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို မတရားဖမ်းဆီးထောင်ချခြင်း၊ ဖိနှိပ်သတ်ဖြတ်ခြင်းများသည် အာဏာသိမ်းစစ်တပ်၏ အာဏာရှင်သရုပ်သကန်ကို ပိုမိုပီပြင်စေသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း MASS မှ မှတ်တမ်းတင်အပ်သည်။
နောက်ခံအကြောင်းအရာ
ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ - Media Alliance of Shan State - MASS သည် ရှမ်းပြည်နယ် အခြေစိုက် သတင်းကျင့်ဝတ်နှင့်အညီရပ်တည်သည့် လွတ်လပ်သည့် သတင်း မီဒီယာ (၇) ခုဖြင့် အာဏာသိမ်းမှုကာလအတွင်း စစ်အာဏာရှင်၏ ဖိနှိပ်မှုများကို လက်တွဲရင်ဆိုင် ကြရန်နှင့် အများပြည်သူ၏ သတင်းသိပိုင်ခွင့် မြှင့်တင်ရန်၊ ပြည်သူ့အသံနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို မြှင့်တင်ပေးရန်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းထားသည့် သတင်းဌာနများမဟာမိတ်အဖွဲ့ဖြစ်ပါသည်။