နေ့စွဲ။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်
စစ်တပ်မှ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ် သည့် လုပ်ရပ်များကိုလက်မခံ နိုင်သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် အများစုမှာ ကောင်စီမှ နှုတ်ထွက်ခဲ့ပါသည်။ ထိုသို့နှုတ်ထွက်ပြီးနောက် အာဏာသိမ်းစစ်တပ်သည် ၎င်း၏ လက်ပါးစေ လူတစ်စုဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်းလိုက်သည်။
မြန်မာအာဏာသိမ်းစစ်တပ်၏ သတင်းမီဒီယာကောင်စီသည် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို အာဏာသိမ်းစစ်တပ်အကြိုက် အသုံးအနှုန်းများ အသုံးပြုရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း များကိုလည်း ဆက်တိုက် ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အာဏာသိမ်းစစ်တပ်၏ ဒီမိုကရေစီလိုလား သည့် ပြည်သူလူထုအပေါ်ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမီဒီယာများ အပေါ် ဖိနှိပ်မှုများကို မျက်ကွယ်ပြုကာ အာဏာသိမ်းစစ်တပ်၏ အလိုကျအတိုင်း လိုက်ပါဆောင် ရွက်ပေးလျှက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်တပ် အလိုကျဖွဲ့စည်းထားသည့် မြန်မာသတင်းမီဒီ ယာကောင်စီ၏ ဥက္ကဌမှာ အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီကွန်ယက် - Southeast Asian Press Councils Network -SEAPC ၏ အလှည့်ကျဥက္ကဌတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း ကြေညာထားသည်ကို တွေ့ရပါသည်။
ရှမ်းပြည်နယ်အခြေစိုက် လွတ်လပ်သည့် သတင်းမီဒီယာများဖြင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်နယ် သတင်းမီဒီယာများ မဟာမိတ်အဖွဲ့ - Media Alliance of Shan State – MASS အနေဖြင့် အာဏာသိမ်းစစ်တပ် အလိုကျ ဖွဲ့စည်းထားပြီး သတင်းမီဒီယာများအပေါ်ဖိနှိပ်ရန် ကြိုးပမ်း နေသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ - MPC ကို လုံးဝ(လုံးဝ) အသိအမှတ်မပြုကြောင်း ဦးစွာ ကြေညာပါသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်အလိုကျ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာ၏ ဥက္ကဌကို အလှည့်ကျ ဥက္ကဌတာဝန် ထမ်းဆောင်ခွင့်ပြုသည့် အရှေ့တောင်အာရှ သတင်းမီဒီယာ ကောင်စီကွန်ယက် - Southeast Asian Press Councils Network – SEAPC ကိုလည်း ပြင်းထန် စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ Media Alliance of Shan State – MASS
နောက်ခံအကြောင်းအရာ
ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ - Media Alliance of Shan State - MASS သည် အာဏာသိမ်းမှုကာလအတွင်း စစ်အာဏာရှင်၏ ဖိနှိပ်မှုများကို လက်တွဲရင်ဆိုင် ကြရန်နှင့် အများပြည်သူ၏ သတင်းသိပိုင်ခွင့် မြှင့်တင်ရန်၊ ပြည်သူ့အသံနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို မြှင့်တင်ပေးရန်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် အခြေစိုက် သတင်းကျင့်ဝတ်နှင့်အညီရပ်တည်သည့် လွတ်လပ်သည့် သတင်း မီဒီယာ (၇) ခုဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ရက်တွင် စတင်ဖွဲ့စည်းထားသည့် သတင်းဌာနများမဟာမိတ်အဖွဲ့ ဖြစ်ပါသည်။