KNU/KNLA တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန် ထမ်းဆောင်နေသော အရပ်ဘက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး ဖာပွန်မြို့မှ မိမိနေထိုင်ရာ ဒေသ အသီးသီးသို့ ရေလမ်းခရီးဖြင့် သတ်မှတ်ရက်အတွင်း အတားအဆီးမဲ့ ထွက်ခွာကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာ စစ်ရုံးချုပ် က ထုတ်ပြန်သည်။
.
ထို့အတူ မြို့ခံဝန်ထမ်းများ အနေဖြင့်လည်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းကို ရှောင်ရှားကြရန် အသိပေးထားပြီး လိုက်နာမှု မရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။
.
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ လုပ်ရပ်အပေါ် တစ်နိုင်ငံလုံးရှိ ပြည်သူများမှ နည်းမျိုးစုံဖြင့် ဆန္ဒပြ တော်လှန်နေကြသည်မှာ ကမ္ဘာအသိ ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ မလည်ပတ်နိုင်ရန် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထုတ်ပြန်ချက်ပါ အချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်ထိ သတ်မှတ်ထားသည်ကိုလည်း တွေ့ရသည်။