ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း၌ ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်ထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံး၍ စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း မူတြော်သတင်းစဉ်က ယနေ့တွင် ထုတ်ပြန်သည်။
.
စစ်ကောင်စီ၏ သစ်တပင်ကုန်းစခန်းကို ဇန်နဝါရီလ ၁၈ ရက် နံနက်က ၁၀ နာရီကျော်ခန့်တွင် KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးခဲ့ပြီး ယင်းနေ့ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ညာ့တခိုကျိုးစခန်းကို KNLA က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ဖာပွန်-ကမမောင်းလမ်း၊ ၁၈ မိုင်နှင့် ၁၉ မိုင်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီလ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကား ၁ စီး ပျက်စီးသွားကြောင်းနှင့် ဖာပွန်-ကမမောင်းလမ်း ၂၁ မိုင်နေရာရှိ စစ်ကောင်စီတပ်ကို KNLA က ဆက်လက် တိုက်ခိုက်ရာ စစ်ကား ၁ စီး ထပ်မံ ပျက်စီးသွားကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ငယ်များ ဖြင့် ပစ်ခတ်မှုကြောင့် ဖာပွန်၊ ထူးမောဒဲဒေသရှိ အသက် ၇၅ နှစ်အရွယ်နှင့် အသက် ၅၆ နှစ် အရွယ် ပြည်သူများ ဖြစ်သည့် အမျိုးသမီး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြ ဒွယ်လိုးမြို့နယ်၊ ထီးသလုထာ့ကျေးနယ်၊ ဖွေးထော်ရူရွာ၊ မာထောကျေးနယ်၊ ခွေးသေရွာများသို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။