ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တပ်မဟာ(၅) နှင့် စစ်ကောင်စီတပ်တို့သည် ဇန်နဝါရီလ လဝက်အတွင်း တိုက်ပွဲပေါင်း ၁၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၄ ဦး သေဆုံး ခဲ့သည်ဟု KNU-Mutraw News ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။
.
တိုက်ပွဲပေါင်း ၁၁၉ ကြိမ် အတွင်း စစ်ကောင်စီ တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့ဘက်မှ ၅၄ ဦး သေဆုံး၍၊ ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ပြီး KNLA ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့၍ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ထို့အတူ ဖာပွန်ခရိုင်၊ ကမမောင်း အကြား ခွေးသေနှင့် (၂၁)မိုင်ဒေသ၊ လူသောဒေသတို့တွင် ပြည်သူများ လုပ်ကိုင်စားသောက်သော နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၇၆ ကြိမ်၊ လေယာဉ်ဖြင့် ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ပြည်သူ ၃ ဦး သေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။