ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌ ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၆ ဦးသေ၍ KNDF က ၁ ဦး ကျဆုံးခဲ့သည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာအနီး၌ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF တို့က နေ့လယ် ၁၂ နာရီခွဲတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တပ်ဆုတ်ပေးခဲ့ရကြောင်းနှင့် ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦး သေဆုံး၍ KNDF မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ နေ့လယ် ၁၁ နာရီခွဲခန့်တွင် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ် အနီး၌ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိသည်ဟု သိရသည်။
.
စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်နှင့် ဘာဒိုကျေးရွာတို့တွင် စစ်ကြောင်းထိုး၍ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်နေသဖြင့် ဒေသခံ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNDF က ထုတ်ပြန်ထားသည်။