ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ဇန်နဝါရီလ ၂၁ ရက်က တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက် ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လက်ဖြောင့်တပ်သား တစ်ဦး ကျဆုံး၍ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ ၅မိုင်နှင့် ၆ မိုင်တို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF ၊ PDF ပူးပေါင်း မဟာမိတ်များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲ တစ်နေကုန် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာသောကြောင့် တိုက်လေယာဥ်များဖြင့် ညနေ ၅ နာရီခွဲခန့်နှင့် ည ၉ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်ကျဆုံးခဲ့ကြောင်းနှင့် ပူးပေါင်း မဟာမိတ်များဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNDF ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ထီးတူးခူ ကျေးရွာအနီး၌ စစ်ကောင်စီ၏ လေထီးတပ်များ ဆင်းတက်ခဲ့သည့်အပြင် လိုဘာခို ကျေးရွာအနီး၌ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလာသဖြင့်
KA နှင့် KNDF မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်းနှင့် KNDF မှ လက်ဖြောင့်တပ်သား တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
.
စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့တွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။