လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို တနင်္လာနေ့တိုင်း ပြန်ဖွင့်ပေးမည်ဟု KNDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို တနင်္လာနေ့တိုင်း ပြန်ဖွင့်ပေးမည်ဟု KNDF ထုတ်ပြန်

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို ပြည်သူများ၏ တောင်းဆိုချက်အရ ကုန်စည်ကူးသန်းခွင့်နှင့် အရေးပေါ် သွားလာနိုင်ရန်အတွက် အပတ်စဉ် တနင်္လာနေ့တိုင်းတွင် ကန့်သတ်ချက်ဖြင့်် ဖွင့်ပေးသွားမည် ဖြစ်ကြောင်း KNDF က ယနေ့  ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါလမ်းပိုင်းကို ဇန်နဝါရီလ ၃ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ တစ်လတာ ကာလအတွင်း အပတ်စဥ် တနင်္လာနေ့တိုင်း နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း သွားလာခွင့် ပြုမည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီတပ်၏ စီးပွားရေးနှင့် ဆက်စပ်သော မည်သည့်ထုတ်ကုန်ကို မဆို သယ်ဆောင် ကူးသန်းခြင်း၊ မည်သည့် မြေပေါ်မြေအောက် သဘာဝသယံဇတ မှန်သမျှကို သယ်ဆောင်ခြင်း၊ ကုန်တင်ယာဥ်များ ဆန် ၁၀ အိတ်နှင့် အထက် သယ်ဆောင်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ဖြတ်သန်း သွားလာခြင်း တို့ကို တားမြစ်ထားပြီး လုံခြုံရေးအရ စစ်ဆေးမှုများကို အသာတကြည် လက်ခံရန် တိုက်တွန်းထားသည်။

.

ယင်း စည်းကမ်းချက်များကို လက်နာခြင်း မရှိသည့် မည်သူ့ကို မဆို အရေးယူသွားမည်ဖြစ်ကြောင်းနှင့် လမ်းကြောင်း တစ်လျှောက်၌ ဒေသခံ ကုန်တင်ယာဉ်များသည်လည်း တောလမ်းများနှင့် လမ်းပိုင်းများတွင် သတ်မှတ်ထားသော နေ့ရက်တွင်သာ သွားလာရန်ဟုလည်း ထုတ်ပြန်ထားသည်။

.

လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စစ်ရေး အခြေအနေအရ ပိတ်သိမ်းထားပြီးနောက် ယခုတွင် အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်ခွင့် ပြုခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats