ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာန တည်ထောင်သူ၊ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Pu Tuidim ကို စစ်ကောင်စီတပ်က ပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု Khonumthung သတင်းဌာနက ယမန်နေ့ ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည်။
.
Pu Tuidim အပါအဝင် ခရီးသွားပြည်သူ ၁၁ ဦးကို ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းပေါ်က ကီလှုန်းနှင့် လုံလှော ကျေးရွာကြားတွင် စစ်ကောင်စီတပ်က ဖမ်းဆီးကာ ရှေ့တန်းစစ်မြေပြင်သို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီးနောက် ဇန်နဝါရီလ ၈ ရက်တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်က ငြိမ်သက်ခြင်းသပိတ်ကို သတင်းဓါတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီးခံရသည့် အလွတ်တန်းဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်သည် စစ်ကြောရေးတွင် ကျဆုံးခဲ့ရပြီး ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်သည်လည ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်ဒေသ မယ်ဝါးခီးကျေးရွာ၌ တိုက်ပွဲ သတင်းရယူနေချိန် ကျဆုံးခဲ့သဖြင့် လက်ရှိတွင် ကျဆုံးခဲ့ကြရသည့် သတင်းသမား ၃ ဦး ရှိပြီ ဖြစ်သည်။
.
ထို့အပြင် အာဏာသိမ်း စစ်ကောင်စီက သတင်းမီဒီယာသမား ၄၀ ဦးထက် မနည်းကို ဖမ်းဆီး၍ သတင်းမီဒီယာဥပဒေ မဟုတ်သည့် အခြားသော ဥပဒေပါ ပုဒ်မများဖြင့် စွပ်စွဲ၍ ထောင်ဒဏ် ချမှတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်ထားသည်။