ရှမ်းပြည်နယ်တွင် ခရိုင် ၇ ခု တိုးမြင့် သတ်မှတ်ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေလျက် ရှိသည်။
.
ယင်းကဲ့သို့ ခရိုင် အဖြစ် တိုးမြင့်သတ်မှတ်ဖွယ် ရှိသော မြို့နယ်များမှာ ကလော၊ နမ့်စန်၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းလား၊ မိုင်းတုံနှင့် မိုင်းယောင်း မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ်၌ ခရိုင် ၁၃ ခု ရှိရာ ယခု သတင်းထွက်ပေါ်နေသည့် ခရိုင် ၇ ခုအား တိုးမြှင့်သတ်မှတ်ပါက စုစုပေါင်း ခရိုင် ၂၀ ရှိလာမည် ဖြစ်သည်။
.
အဆိုပါ ခရိုင်များအပြင် ရှမ်းပြည်နယ်တွင် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့် စသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ ခုလည်း ၂၀၀၈ အခြေခံဥပဒေအရ ရှိနေပြီး ဖြစ်သည်။
.
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်က ခရိုင် ၇၄ ခုသာ ရှိသော်လည်း လက်ရှိ ထွက်ပေါ်နေသော သတင်းအရ ၄၂ ခရိုင် ထပ်မံ တိုးမြင့် သတ်မှတ်မည်ဟု သိရသဖြင့် စုစုပေါင်း ၁၁၆ ခရိုင်အထိ ရှိလာမည် ဖြစ်သည်။
.
၂၀၀၈ အခြေခံဥပဒေတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း၌ ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင် နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည် ပြောင်းလဲရန် ပေါက်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ဖော်ပြပါရှိသည်။