မြို့တော် တောင်ကြီး၏ အဝင်/အထွက် နေရာများ၌ မလိုအပ်ဘဲ အချိန်ဆွဲ စစ်ဆေးနေခြင်းကြောင့် ခရီးသွား ပြည်သူများ နစ်နာမှု ရှိနေသည်ဟု ယာဉ်မောင်းများ ပြောဆိုမှုအရ သိရသည်။
.
" စစ်ဆေးရေးဂိတ်မှာ ကား များလွန်းတာကြောင့်တစ်ခါတလေဆို ၂ နာရီကျော် ကြာတယ်။ ကားပေါ်မှာ ရန်ကုန်နဲ့ တခြားမြို့ကို သွားမယ့်ခရီးသည် ပါရင် အခက်တွေ့ပြီ။ လက်မှတ်ကဖြတ်ပြီးသား။ ကားက မမီတော့ဘူး၊ အဆုံးခံရတယ်။" ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။
.
စစ်ဆေးသည့် နေရာများ၌ ယာဉ် ပေါင်းစုံကို ရောထွေး စစ်ဆေးခြင်းကြောင့် ယင်းကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကာ ယခင်က တွဲယာဉ်များအား အချိန် အကန့်အသတ်ဖြင့်သာ မောင်းနှင်ခွင့် ပြုသော်လည်း ယခုတွင် အချိန် ကန့်သတ်မှု မရှိတော့သည့် အပြင် မြို့တွင်း၌ ရပ်နားခွင့် မပြုတော့ခြင်းကြောင့် မြို့ပြင်တွင် စုပြုံနေရခြင်း ဖြစ်ကြောင်း သိရသည်။
.
" တွဲကားတွေ များတော့ အကြာကြီး စောင့်ရတယ်။ တွဲကားတွေကို သပ်သပ်၊ ခရီးသယ်တင်ယာဉ်၊ အိမ်စီးကားကို သပ်သပ်ပေါ့။" ဟု ၎င်းက ရှင်းပြသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်များအား လုံခြုံရေး အကြောင်းပြ၍ အချိန်ဆွဲ၍ စစ်ဆေးခြင်းသည် အမှန်တကယ်တွင် ငွေ ရယူလိုမှုကြောင့် စစ်ဆေးခြင်းသာ ဖြစ်သည်ဟုလည်း မြို့ခံ ယာဉ်မောင်း တစ်ဦးက ပြစ်တင် ဝေဖန်သည်။
.
" ဟိုတစ်လောက ပိုက်ဆံ တောင်းတဲ့အကြောင်းလိုင်းပေါ် တွေ့တယ်။ ခုထိ မပြောင်းလဲဘူး။ အထွက်ဆိုရင်လည်း ခရီးသည်တွေကို မှတ်ပုံတင်စစ်တယ်။ ပါလည်း တောင်းတယ်၊ မပါလည်းတောင်းတယ်၊ ကျွန်တော်တို့မြို့ ဂုဏ်ငယ်စေတယ်။" ဟု ပြောဆိုခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့သည် အခြားသော မြို့/ဒေသများကဲ့သို့ စစ်ရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း စစ်ကောင်စီအပေါ် တုံ့ပြန်မှု မရှိခြင်းကြောင့် ဒေသပြင်ပနေသူများ၏ ဝေဖန်မှုကို ခံနေရ သကဲ့သို့ တစ်ဘက်တွင်လည်း စစ်ကောင်စီ၏ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးမှု၊ ဖိနှိပ်အုပ်ချုပ်မှု အောက်တွင် ရှိနေသော ပြည်နယ်မြို့တော် ဖြစ်သည်။