တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အခမ်းအနား တက်ရောက်အပြီး ဗုံးပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အခမ်းအနား တက်ရောက်အပြီး ဗုံးပေါက်ကွဲ


အာဏာသိမ်း စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရောက်ရှိနေသည့် တာချီလိတ်မြို့တွင် အောင်မြတ်ခန်းမ၌ ပန်းခင်းစီမံချက်အဖြစ် မှတ်ပုံတင်ပေးအပ်ပွဲ ပြုလုပ်အပြီး ၁၅ မိနစ်ခန့် အကြာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

"ဟုတ်တယ်၊ ခဏက ပေါက်ကွဲမှု ဖြစ်သွားတယ်။ ခန်းမရဲ့ အရှေ့ကတော့ မဟုတ်ဘူး။ အနောက်ပေါက်မှာ ကွဲတာ။ လက်ပစ်ဗုံးနဲ့ပစ်သွားတာ။ စနက်တံ တွေ့တယ်"ဟု  အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

.

အောင်မြတ်ခန်းမ၏ အနောက်ဘက်ပေါက်၌ ယနေ့  ဇန်နဝါရီလ ၉ ရက်၊ နံနက် ၁၁ နာရီခွဲကျော်ခန့်က ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ဆိုင်ကယ်တစ်စီး ပျက်စီးသွားကြောင်း သိရသည်။ 

.

"အစောက အောင်မြတ်ခန်းမနားမှာ လုံခြုံရေးတွေ ချထားတာတွေ့လိုက်သေးတယ်။ လမ်းမကြီးပေါ်တော့ ရှင်းနေတယ်။ အသံက အတော်ကျယ်တယ်။ အဝေးကြီးကနေတောင် ကြားလိုက်ရတယ်။ (၁၁)နာရီ (၄၇)မှာ အသံကြားရတာပဲ။"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေသူတစ်ဦးက  ပြောသည်။

.

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်‌ကောင်စီတပ်နှင့် ရဲတို့ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ CCTV ရှိနိုင်မည့် နေရာများကို ရှာကြံ စစ်ဆေးနေကြောင်း နှင့်  တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် မင်းမင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေပြီး မြို့တွင်း အဖွဲ့စုံဖြင့်ပါ စစ်ဆေးမှုများ လုပ်နေသည်ဟု သိရသည်။

.

ထို့အတူ ယမန်နေ့ ဇန်နဝါရီလ ၈ ရက်၊ ည ၁၀ နာရီခန့်တွင်လည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အပိုင်း ရီဂျီးနားဂေါက်ကွင်းသွားလမ်းဘေးရှိ အာဏာသိမ်းစစ်ကောင်စီ၏  ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ လူမှုရေးဝန်ကြီး ဦးအောင်မြင့် နှင့်အဖွဲ့ ညအိပ်သည့် ဇန်းမွန်ဟိုတယ် နှင့် ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

လောင်းကစားနှင့် အပျော်အပါး ပေါများသည့် တာချီလိတ်မြို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်ဝန်ကြီးများအထိ လာရောက်လေ့ရှိကြောင်း သိရသည်။

Journal Download

Photo of three cats