တောင်ကြီး၌ လောင်းကစား (ငါးမန်းဂိမ်း) များကို စစ်ကောင်စီက ဖွင့်လှစ်ခွင့် ပြုထားသဖြင့် ခိုးမှုများ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီး၌ လောင်းကစား (ငါးမန်းဂိမ်း) များကို စစ်ကောင်စီက ဖွင့်လှစ်ခွင့် ပြုထားသဖြင့် ခိုးမှုများ ဖြစ်ပေါ်နေ


ပြည်နယ်အဆင့် ရုံးစိုက်ရာ မြို့တော် တောင်ကြီး‌၏ မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လောင်းကစားဝိုင်း (ငါးမန်းဂိမ်း) များကို စစ်ကောင်စီ၏ လက်အောက်ခံဌာနများက ဖွင့်လှစ်ခွင့် ပြုထားခြင်းကြောင့် ခိုးမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။

.

လောင်းကစားဝိုင်း (ငါးမန်းဂိမ်း) ပြုလုပ်၍ ငွေကြေး ဆုံးရှုံးခဲ့ရမှုကြောင့် ပြည်သူ အချို့မှာ ဘဝ ပျက်ရသည်အထိ ဖြစ်ခဲ့ရကာ တောင်ကြီးမြို့ပေါ်တွင်လည်း ဆိုင်ကယ် အပါအဝင် ပစ္စည်း ပျောက်ဆုံးမှုများ မြင့်တက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

.

" ငါးမန်းဂိမ်းဆိုင်တွေ အများကြီးပဲ။ ခင်ဗျားတို့ မီဒီယာတွေမှာလည်း တာဝန်ရှိတယ်။ သတင်းဌာနတွေမှာ တင်ပြသင့်တယ်။ ပြည်သူတွေ တကယ်ဒုက္ခ ရောက်ကုန်ပြီ။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

စစ်အာဏာ သိမ်းမှု ဖြစ်ပေါ်ပြီးနောက် သတင်းသမားများ ဖမ်းဆီးခံထားရခြင်း၊ ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရခြင်း အပေါ် အခွင့်ကောင်း ရယူ၍ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များသည် လောင်းကစားဝိုင်း (ငါးမန်းဂိမ်း)များကို လာဘ်ငွေ ရယူ၍ ဖွင့်လှစ်ခွင့် ပြုထားခြင်း ဖြစ်သည်။

.

လောင်းကစားဝိုင်း (ငါးမန်းဂိမ်း) ဖွင့်လှစ်ထားသည့် ရပ်ကွက်များမှာ ကန်အောက်၊ စျေးပိုင်း၊ ပြည်တော်သာ၊ မင်္ဂလာဦးနှင့် စဝ်စံထွန်းရပ်ကွက်များ ဖြစ်ပြီး ကျန်ရပ်ကွက်များတွင်လည်း ဖွင့်လှစ်ထားသည်ဟုလည်း မြို့ခံများထံမှ သိရသည်။

.

" တောင်ကြီးမှာ ငါးဂိမ်းတွေ ဖွင့်နေတာကြတော့ ဘာလို့ သတင်းမရေးတာလည်းဗျ။ မီဒီယာကြေးယူထားလို့လားဗျ။ " ဟု ဒေသခံ တစ်ဦးက မေးခွန်း ထုတ်သည်။

.

တောင်ကြီးမြို့ပေါ်၌ ယခင်က အဆိုပါ လောင်းကစားဝိုင်း (ငါးမန်းဂိမ်း)များ ဖွင့်လှစ်ခဲ့ဖူးသော်လည်း သတင်းမီဒီယာများ၏ သတင်းထုတ်လုပ်ရေးသား ဖော်ပြမှုကြောင့် ပိတ်သိမ်းထားရာမှ စစ်အာဏာရှင်ခေတ်တွင် ပြောင်ပြောင်တင်းတင်း ပြန်လည် ဖွင့်လှစ်လာကြခြင်း ဖြစ်သည်။

.

စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ပြည်သူများ ဆန္ဒပြခြင်းကို သတင်းရေး ဖော်ပြခဲ့မှုအား အကြောင်းပြု၍ ကမ္ဘောဇတိုင်း သတင်းသမားများ အပါအဝင် သတင်းမီဒီယာသမားအချို့ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ထောင်ချကာ ပြည်နယ်အတွင်းရှိ သတင်းဌာန တည်ထောင်သူများ၊ အယ်ဒီတာများနှင့် သတင်းသမား အများစုကိုလည်း အမှုဖွင့်ထားဆဲ ဖြစ်သည်။

Journal Download

Photo of three cats