တောင်ကြီးမြို့ မြို့မစျေး မြောက်ဘက်ဝင်ပေါက် အနီးရှိ ရေမြောင်းမှ အနံ့ဆိုးများ ထွက်နေသဖြင့် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အခက်အခဲ ဖြစ်ပေါ်နေသည်ဟု သိရသည်။
.
" အိမ်သာ အနံ့တွေ အရမ်းထွက်ပြီး နေ့တိုင်း မခံနိူင်အောင်ကို နံနေပါတယ်။ အရင်ကတော့ အိမ်သာကားနဲ့ တစ်ရက်ကို ၂ ခေါက် သယ်ထုတ်ပါတယ်။အဲအချိန်တုန်းကတော့ အခုလို အနံ့ မထွက်ပါဘူး။ အခုနောက်ပိုင်းကြတော့ အိမ်သာကားနေ့တိုင်း မလာတော့ပါဘူး။ စျေးအိမ်သာက ပြည့်နေတော့ နေ့တိုင်းကားနဲ့ သယ်ထုတ်မှ အဆင်ပြေတာပါ။" ဟု ဈေးရောင်းချသူ တစ်ဦးက ပြောသည်။
.
" အဲ့နားက စျေးသည်တွေဆိုရင် စျေးကောင်းကောင်း မရောင်းနိုင်ဘူး။ အရမ်းနံလာတဲ့အချိန်ဆိုရင် အဝေးမှာသွား ရှောင်နေရတယ်။ စျေးလာတဲ့လူတွေဆိုရင်လည်း စျေးပေါက် ရောက်တာနဲ့ နှာခေါင်းပိတ်ပီးတော့ အမြန်သွားရတယ်။ တခြားမြို့က ဧည့်သည်တွေလာရင်လည်းစျေး အဝင်ပေါက် ရောက်တာနဲ့ အိမ်သာအနံ့ကြောင့် စျေးထဲတောင်မဝင်တော့ဘဲ လှည့်ပြန်သွားရတဲ့လူတွေ ရှိပါတယ်။" ဟု ဈေးသည် တစ်ဦးကလည်း ရှင်းပြသည်။
.
လက်ရှိတွင် တောင်ကြီးမြို့ အထင်ကရ မြို့မဈေး အောက်ထပ်ရှိ အိမ်သာများမှာ ပြည့်လျှံနေသည့်အပြင် အိမ်သာများမှာလည်း ညစ်ပတ် နံစော်နေကြောင်း သိရသည်။