တောင်ကြီးမြို့ရှိ ဈေးဆိုင်ခန်း ပိုင်ရှင်များအား ငြိမ်သက်ခြင်းသပိတ်နေ့ ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုင် မပိတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံဌာနများက လက်မှတ် ထိုးခိုင်းနေသည်ဟု ဆိုင်ပိုင်ရှင်များ၏ ပြောဆိုမှုအရ သိရသည်။
.
" ညီမတို့ ဆိုင်ကို ရဲတွေ ဝင်လာပြီးတော့ ဆိုင်ရှင် ရှိလား မေးတယ်။ မရှိဘူးဆိုတော့ ဆိုင်ရှင်က တရုတ်လား မေးတယ်၊ ပြီးတော့ ၁ ရက်နေ့ ဆိုင် မပိတ်ဘူးဆိုတာကို လက်မှတ် အတင်း ထိုးခိုင်းပါတယ်။ " ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်ရှိ မြို့နယ် အသီးသီးတွင် ပုံမှန် ဆိုင်/ဈေး ပိတ်ရက်မှ အပ ကျန်ရက်များတွင် ပိတ်ပါက ဥပဒေအရ အရေးယူမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် အပြင် ဈေးဆိုင် ပိုင်ရှင်များကိုပါ ခံဝန်လက်မှတ် ရေးထိုးရန် ဖိအားပေး ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်တပ် အာဏာသိမ်းမှု တစ်နှစ်ပြည့် ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ အာဏာသိမ်းမှု အလိုမရှိကြောင်း ပြသသည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ ငြိမ်သက်ခြင်းသပိတ် ပြုလုပ်ရန် ပြည်သူများက စီစဉ်နေကြခြင်း ဖြစ်သည်။