ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာ၌ ဆက်ကြေးငွေ ပေး၍ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
.
" တောင်လေးလုံးရွာနေ ဦးသန်းဝင်း ဦးဆောင်တဲ့ အဖွဲ့က နေစဉ်ကြေး ပေးပြီး လေးကောင်ဂျင်ဝိုင်းတွေ ပြုလုပ်နေတဲ့အတွက် မြို့ရွာနေ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ် ပျက်ဆီးမှာကို စိုးရိမ်ရပါတယ်။ သက်ဆိုင်ရာ လူကြီးမင်းတွေ အရေးယူပေးစေလိုပါတယ်။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ လောင်းကစားဝိုင်း ပြုလုပ်သူများသည် ရွှေညောင်နယ်မြေရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်၊ အပိုင်နယ်ထိန်း အပါအဝင် တာဝန်ရှိသူများကို ငွေကြေးပေး၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်း၏ ပြောဆိုမှုအရ သိရသည်။
.
စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြသည်ဟုလည်း သိရသည်။