ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှု မရှိပဲ အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၁နာရီခွဲ ကျော်ခန့်တွင် ၄ ကြိမ်တိုင်တိုင် ဗုံးကြဲ ပစ်ခတ်ခဲ့၍ ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
" လေယာဥ်နဲ့ ကျွန်တော်တို့ရဲ့ စစ်ရှောင် Camp နှစ်ခုကို ဗုံး ၄ လုံး လာကြဲသွားပါတယ်။တမင်ကြဲတာပဲ ဖြစ်ဖြစ်၊ မှားကြဲတာပဲ ဖြစ်ဖြစ် ဒီလို အဖြစ်မျိုး လုံးဝ မဖြစ်သင့်ပါဘူး။" ဟု ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီက ဗုံးကြဲ တိုက်ခိုက်ခံရသော စစ်ရှောင်စခန်း၏ မှတ်တမ်းပုံများနှင့်အတူ ထုတ်ပြန်သည်။
.
သေဆုံးခဲ့ရသူများမှာ စစ်ဘေးရှောင် အသက် ၈ နှစ် အရွယ်ကလေးငယ် (မ)၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် အပြစ်မဲ့ ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင် ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြား ပြုလုပ်လာနေသည်ကို တွေ့ရှိရသဖြင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် နိုင်ငံတကာမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် DMO-PDF ကလည်း ထုတ်ပြန်ထားသည်။