ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ “၅၉” နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားကို တအာင်းပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာ၌ ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
.
အခမ်းအနားတွင် PSLF/TNLA၏ တားခွန်တောင်း စစ်ကြောင်း၊ တားခွန်အေး စစ်ကြောင်း၊ တားဂေါင်းဂျား စစ်ကြောင်း၊ တားညီလုံ စစ်ကြောင်း၊ တားအပန်းစစ်ကြောင်း၊ တားရောဘတ်စစ်ကြောင်း၊ တားကျမ်အောင်စစ်ကြောင်း၊ တားအောင်မြတ်စစ်ကြောင်း စသည့် စစ်ကြောင်း ၈ ကြောင်း ဖြင့် ချီတက်ခဲ့ကြပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNTJP/MNDAA နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့က တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ဂုဏ်ပြုသဝဏ်လွှာအဖြစ် ပေးပို့လာသည်ကို TNLA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး တားနောရိူန်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။
.
တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ လူဦးရေ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း နှင့် တအာင်းစစ်ဒေသအသီးသီးရှိ လုပ်ငန်းဌာနများ၊ တပ်မဟာများ နှင့် တပ်ရင်းများတွင်လည်း တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။