ရှမ်းတောင်ရောက် စစ်ဘေး‌ရှောင် ကရင်နီပြည်သူများကို ဧည့်စာရင်း တိုင်ရန် စစ်ကောင်စီဘက်က ဖိအားပေး ကြေညာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ရောက် စစ်ဘေး‌ရှောင် ကရင်နီပြည်သူများကို ဧည့်စာရင်း တိုင်ရန် စစ်ကောင်စီဘက်က ဖိအားပေး ကြေညာနေ


ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် အသီးသီးသို့ ရောက်ရှိနေကြသည့် ကရင်နီ (ကယား)ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများကို ဧည့်စာရင်း တိုင်ရန် စစ်ကောင်စီဘက်က လိုက်လံကြေညာ၍ ဖိအား ပေး‌ ကြေညာနေကြောင်း သိရသည်။

.

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ မောက်မယ် စသည့် မြို့နယ်များသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေစဉ် ယင်းကဲ့သို့ စစ်ကောင်စီ၏ ဖိအားပေးမှုကိုပါ ထပ်မံ ကြုံတွေ့နေရခြင်း ဖြစ်သည်။

.

" ထွေအုပ်က ကြေညာတာ ရှိတယ်။ တချို့လည်း ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက လိုက်ပြီး ပြောတာမျိုးတွေ ရှိတယ်။ ဧည့်စာရင်း တိုင်ရမယ်၊ မတိုင်လို့ မရဘူး‌ပေါ့။ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မိတ္တူပေးရမယ် ပြောတယ်။ ပြီးတော့ ကိုဗစ် (COVID-19) ကာကွယ်ဆေး ထောက်ခံချက်ရောပဲ၊ အဲဒါ မပါရင် ထိုးရမယ်လို့လည်း ပြောတယ်။" ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ စစ်ဘေးရှောင်များတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပါဝင်လာမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်သော်လည်း အိုးအိမ်စွန့်ခွာ၍ ‌အသက်ဘေးလွတ်ရာ ထွက်ပြေးရသူ ပြည်သူကို တမင် ဖိအားပေးသည်ဟုလည်း ယူဆနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

.

" PDF တွေက စစ်ဘေးရှောင်တွေနဲ့ လိုက်လာပါ့မလား။ သူတို့က မြို့ပေါ်အိမ်တွေ အထူးသဖြင့် ဒီကောင်တွေ (စစ်ကောင်စီ) စိုးမိုးတဲ့ နေရာကို မလာပါဘူး။ လာရင်လည်း တိုက်ဖို့ပဲ လာရင် လာမယ်၊ အခုလို စစ်ရှောင်တွေနဲ့ ရောပြီးတော့ မလာနိုင်ဘူး။" ဟုလည်း ၎င်း၏ အမြင်ကို ရှင်းပြသည်။

.

ရှမ်းပြည်နယ် တောင်ပိုင်းရောက် ကရင်နီ စစ်ဘေးရှောင် ပြည်သူများကို ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အဖွဲ့အစည်း အသီးသီးက တတ်အားသရွေ့ ကူညီနေလျက် ရှိ‌သော်လည်း စစ်ဘေးရှောင်များ၏ အခက်အခဲကို အခွင့်ကောင်း ယူကာ ကိုယ်ကျိုးရှာသူများလည်း ရှိနေသည်ဟု သိရသည်။

.

" တော်တော်များများတော့ ကူညီကြပါတယ်။ ကြက်ခြေနီတွေ ကူညီတာလည်း တွေ့ရတယ်၊ ပြည်သူတွေကတော့ အတိုင်းအထက်အလွန် ကူညီတာမျိုးပေါ့။ ကိုယ် မစားရရင် နေပါစေ၊ သူတို့အတွက် အဓိက အဲလိုမျိုးပေါ့။ ဒါပေမဲ့ တစ်ဘက်မှာလည်း ကိုယ်ကျိုးရှာသူတွေလည်း တွေ့ရတယ်။ သူတို့ကိုတော့ ကျွန်မအနေနဲ့ ရှုံ့ချတယ်။ ပြည်သူ့စစ် တစ်ဖွဲ့ဆိုရင် ဧည့်စာရင်း တိုင်ဖို့ကို စာထွက်တာမျိုးတောင် လုပ်ထားတာ တွေ့ရတယ်။" ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသမီး တစ်ဦးက ပြောသည်။

.

လက်ရှိတွင် လွိုင်ကော်မြို့၌ စစ်‌ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသကဲ့သို့ စစ်ကောင်စီဘက်မှ အင်အား ဆက်လက် ဖြည့်တင်းခြင်း၊ လေတပ် အသုံးပြု တိုက်ခိုက်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats