ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တို့ကို ညောင်ရွှေအကျဉ်းထောင်ရှိ စစ်ကောင်စီ လက်အောက်မှ ထောင်တွင်း တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၆နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
.
" ထောင်တွင်း တရားရုံးကနေ ဝန်ကြီးချုပ်ကို အဂတိ ၄ မှုအတွက် တစ်မှုကို ၄ နှစ်စီနဲ့ ၁၆ နှစ်။ ဝန်ကြီး ဦးစိုးညွန့်လွင်ကို အဂတိ ၄ မှုအတွက် ၁၆ နှစ် ချတယ်၊ သူ (ဦးစိုးညွန့်လွင်)က အရင်ကလည်း ၃၈ နှစ် ချပြီးသား။ "ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စစ်ကောင်စီက စွပ်စွဲဖွင့်လှစ်သည့် အဂတိလိုက်စားမှု ၄ မှုအတွက် တစ်မှုလျှင် ၄ နှစ်စီဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
.
ထို့အတူ ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် စစ်ကောင်စီက စွပ်စွဲဖွင့်လှစ်သည့် အဂတိ ၄ မှုအတွက် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရခြင်း ဖြစ်ပြီး ၎င်းကို ယခင်က ထောင်ဒဏ် ၃၈ နှစ် ချမှတ်ထားပြီး ဖြစ်သဖြင့် စုစုပေါင်း ထောင်ဒဏ် ၅၄ နှစ် ရှိပြီ ဖြစ်သည်။
.
ဒေါက်တာ လင်းထွဋ်နှင့် ဦးစိုးညွန့်လွင်တို့သည် ရွေးကောက်ခံ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်ခံရခြင်း ဖြစ်သည်။